ဦးအောင်သောင်း

စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း

ဒီအပတ် အလှည့်ကျတာကတော့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ ၀န်ကြီးဖြစ်သော်လည်း သူ့ရဲ့ စစ်တပ် ရာထူးကတော့ ဗိုလ်မှူးကြီး အဆင့်သာဖြစ်လို့ ဘယ်လိုပုံစံနဲ့ စစ်အာဏာရှင်ဖြစ်လာရတယ်၊ နအဖအတွင်း ဘယ်လို ချုပ်ကိုင်မွှေနောက် ခဲ့တယ်နေရာယူခဲ့တယ်၊ တိုင်းပြည်ဘဏ္ဍာငွေနဲ့ သယံဇာတတွေကိုပေါ်တင် ခိုးယူပြီးမြန်မာပြည်မှာ ထိပ်တန်းချမ်းသာမှုစာရင်း ဘယ်လိုဝင်လာတယ် စတာတွေကို စစ်ဖက်နီးစပ်သူများက ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ အခန်းကဏ္ဍမှာ တင်ပြနိုင်ဖို့ ကျွန်တော်ကိုဖိုးတရုတ်ထံ ပေးပို့လာပါတယ်။ အခုလို ပေးပို့လာတဲ့အတွက် စစ်ဖက်နီးစပ် သူများအား အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ဦးအောင်သောင်းဟာ တောင်သာဇာတိဖြစ်ပြီး ကျောင်းဆရာလုပ်ခဲ့ဖူးကာ ငယ်စဉ်က ဆင်းရဲတွင်းနက်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ စစ်တပ်ထဲဝင်ပြီး OTS (မှော်ဘီ ဗိုလ်သင်တန်းကျောင်း) မှ ဘွဲ့ရအပတ်စဉ် (၃၁)၊ ကြည်း/ ၁၀၁၀၇ နဲ့ ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ တပ်မ (၉၉) လက်အောက်ခံ ကလော ခလရ (၇) တပ်ရင်းမှူး၊ ထိုမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) စစ်ဗျူဟာမှူး တာဝန်များအား ထမ်းဆောင်ခဲ့ပြီး မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီမှာ နမခ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ကုန်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရမှာဖြစ်လို့ သူ့လက်အောက်က ဦးအောင်သောင်းကို သူနှင့်အတူ လိုက်ဖို့ ဖိအားပေးပါတယ်။

ဦးအောင်သောင်းဟာ သူ့ရဲ့အချစ်ဆုံး အဖေအရာထားတဲ့ အကိုကြီးဖြစ်သူနဲ့ တိုင်ပင်ပြီး ဗိုလ်ချုပ်ထွန်းကြည်နဲ့ လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုစဉ်က ကုန်သွယ်ရေးမှာ အဓိက အကျဆုံးနဲ့ မြန်မာပြည်ရဲ့ ထမင်းအိုး ဗဟိုချက်မဖြစ်နေတဲ့ ကုန်သွယ်လယ်ယာ (ယခင် ကုန်သွယ်ရေး – ၁) မှာ အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဦးအောင်သောင်း အနေနဲ့ စတင်တာဝန်ယူ လက်ခံခဲ့ပါတယ်။

အဲဒီနောက် မိတ်ဆက်ညစာစားပွဲနဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များကို ဧည့်ခံတဲ့ ညမှာပင် ဦးအောင်သောင်းအား ကုန်သွယ်ရေး ဒု-၀န်ကြီးအဖြစ် ဗိုလ်ချုပ်ထွန်းကြည်က ထပ်မံ ရာထူး တိုးမြှင့်ပေးခဲ့ပြန်ပါတယ်ဒီလို သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့ သူ့ရဲ့ဆရာရင်း ဗိုလ်ချုပ်ထွန်းကြည်ကိုတောင် ဦးအောင်သောင်းဟာ မငဲ့ကွက်ပဲ သူ့ရဲ့ ရာထူးအာဏာ တိုးတက် တည်မြဲရေးအတွက် ထောက်လှမ်းရေးအား ဦးဆောင်သတင်းပေးကာ ဖြုတ်ချခဲ့တဲ့အထိ လက်ရဲဇက်ရဲ ကြောက်စရာကောင်းအောင် ကျေးဇူးကန်းသူ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးအောင်သောင်းဟာ မြှာပွေသူ တစ်ဦးဖြစ်ပြီး ၁၉၉၅ ခုနှစ် သင်္ကြန်ပွဲတော်ကာလ အတွင်းမှာ ကန်တော်ကြီး ဟိုတယ်ဘေး (နယ်စပ်/စည်ပင်) မှ ယခင် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဝဏ္ဏမောင်လွင် အိမ်အနီးရှိ ရေပက်မဏ္ဍပ်တွင် အရက်သောက်စား မူးယစ်၍ ဒယိမ်းဒယိုင် တက်ကာ လှပျိုဖြူများနှင့် မရှက်မကြောက် တွဲကခဲ့သူ တစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ မွေးစားသားပမာ မန္တလေးဘီယာ ကိုယ်စားလှယ် ရရှိထားသူ AHK ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်ဟာ ရံဖန်ရံခါ အင်လျားလမ်းရှိ ၀န်ကြီး ဦးအောင်သောင်း အိမ်ကို ကားနဲ့ ကိုယ်တိုင်လာခေါ်ရကာ အပျိုစင် နုနုထွဋ်ထွဋ်များနဲ့ ဦးအောင်သောင်းအား ဆက်သရင်း ကျွေးမွေး ဧည့်ခံပေးရလေ့ ရှိပါတယ်။ နယ်များရှိ စက်ရုံများကို သွားရောက်စစ်ဆေးရာမှာ စက်ရုံမှူးများက ၀န်ကြီးအတွက် အညောင်းအညာပြေ နှိပ်ပေးဖို့ မိန်းကလေးများကို စီစဉ်ပေးရပါတယ်။

စစ်ကိုင်းချည်မျှင်နှင့်အထည် စက်ရုံမှူးတစ်ယောက်ခမျာ ၀န်ကြီး ဦးအောင်သောင်း အိပ်မဲ့ခုတင် မမျှော်လင့်ဘဲ နိမ့်သွားလို့ ဒေါကန်ကာ အစည်းအဝေးတိုင်း ပြောလို့မဆုံးအောင် ဖြစ်နေပါတော့တယ်။ ၀န်ကြီးရိုက်တဲ့ ရန်ကုန်ဂေါက်ပွဲများတွင်လည်း စက်မှု (၁) ကို ချဉ်းကပ်ထားတဲ့ ကုမ္ပဏီများဟာ Sponser ပေးရသလို ကြံ့ဖွံ့ပွဲတွေမှာလည်း အလှူငွေတွေ များများထည့်ပေးရတယ်လို့ သိရပါတယ်။

ဦးအောင်သောင်းဟာ ဇနီး ဒေါ်ခင်ခင်ရီနဲ့ အိမ်ထောင်ကျခဲ့ပြီး သားများဖြစ်ကြတဲ့ ကိုနေအောင်၊ ကိုမိုးအောင်၊ ဗိုလ်မှူး ပြည်အောင် (ကကရေ) တို့နှင့် အငယ်ဆုံး မွေးစားသမီး ခင်ငုရီဖြိုးတို့ ရှိပါတယ်။ ဦးအောင်သောင်းဟာ ကုန်သွယ်ရေး ဒုဝန်ကြီးမှမွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ်သို့ ဆက်လက် ရာထူးတိုးလာချိန်မှာတော့ စတင် ချမ်းသာလာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အကိုကြီး အဖအရာဖြစ်သူ ဆေးရုံမှာ တက်ရောက် ခွဲစိတ်ကုသချိန်တွင် ပါရဂူများနှင့် ဆရာဝန်များအပြင် သူနာပြုဆရာ၊ ဆရာမများပါမကျန် ဂိတ်စောင့်အထိကို ဗူးပါတိတ်ကဲ့သို့ တန်ဘိုးကြီး လက်ဆောင်ပစ္စည်း အမျိုးမျိုးအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းထဲထိ သူကိုယ်တိုင် ၀င်ကြည့်ခွင့် ရခဲ့သေးတဲ့အထိ အခွင့်အရေး မြင်သူ ယူတတ်သူဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ ပြုတ်သွားတဲ့ ဗိုလ်မြင့်အောင်၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့ အုပ်စုကို နမှုနာယူကာ ၀န်ကြီးရာထူးတည်တံ့ ခိုင်မြဲရေးအတွက် အန္တရာယ်ပေးနိုင်မဲ့ ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗိုလ်ခင်ညွှန့်အား အစွမ်းကုန် ဖားသလို လက်အောက် ငယ်သား ထောက်လှမ်းရေး တပ်မှူးများအားလည်း ပါမစ်များ ချပေးရင်းး ထိန်းကျွေးကာ စည်းရုံးထားခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်သန်းရွှေရဲ့ အိမ်အတွင်းသို့ ၀င်ရောက်ခွင့် အထူးအခွင့်အရေး အတွက် အပတ်တကုတ် ကြိုးစားရာ အိမ်တော်ကြီးရဲ့ မီးဖိုချောင် ချက်ပြုတ်ရေးအား တာဝန်ယူပေးရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် ဦးအောင်သောင်းဟာ အပေါ်လမ်း အောက်လမ်း ဆေးခတ်မှု အစီအမံများပါမကျန် ဗိုလ်သန်းရွှေအကြိုက် အခါတော်ပေးနိုင်ခဲ့မှုတွေကြောင့် စစ်အာဏာရှင် ဗိုလ်သန်းရွှေတို့ မိသားစု အနေနဲ့ သူပြောသမျှ ယုံကြည် လက်ခံနိုင်တဲ့အထိ အကြံအောင်ခဲ့ပါတယ်။

ဥပမာ – ဦးအောင်သောင်းဟာ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်အား အာဏာသိမ်းမဲ့သူအဖြစ် ဒေါ်ကြိုင်ကြိုင်ကို ယုံကြည်အောင် သွေးထိုးလှုံ့ဆော်ပြောဆိုကာ ဖြုတ်ချဖို့ စည်းရုံး တိုက်တွန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ တပ်မှာနေခဲ့စဉ်က စစ်ဆင်ရေး တစ်နေရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေအား ကယ်တင်ခဲ့ သယောင်လုပ်ကြံ ဇာတ်ထွင်ပြီး ယုံကြည်မှု တည်ဆောက်ခဲ့ပါတယ်။ ကျောင်းဆရာပီပီ စကားလုံး ဝေေ၀ဆာဆာ တန်ဆာဆင်ကာ တဖက်လူ အဟုတ်ထင်အောင် ပြောဆိုနိုင်ရာမှာတော့ ၀န်ကြီးအဖွဲ့အတွင်းတောင် ပြောစမှတ် ပြုကြရပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့အား ဗိုလ်သန်းရွှေက ဆူဆဲနေချိန်မှာ ဦးအောင်သောင်းတစ်ယောက် သူ့အလှည့်မရောက်ခင် ကြိုတင်ကာကွယ်မှု ယူခဲ့ပါတယ်။

အဲဒါကတော့ နအဖရုံးမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးဇော်မြင့်ဖေဟာ ဦးအောင်သောင်းမိန်းမ ဒေါ်ခင်ခင်ရီ၏ ညီမအရင်းရဲ့ ယောင်္ကျား ဖြစ်နေတာမို့လည်း တစ်ပြည်လုံးမှာရှိတဲ့ ၀န်ကြီးဌာနအားလုံးနဲ့ တိုင်းနဲ့ပြည်နယ်များမှ ၀င်စာ/ထွက်စာများ အားလုံးကို စိတ်တိုင်းကျ ကိုင်တွယ်ကြည့်ရှုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် စီမံကိန်းတွေကို အထက်အကြီးအကဲများ သွားရောက်စစ်ဆေးမည် ဆိုပါကလည်း ကြိုတင်သိရှိကာ စက်မှု (၁) မှ တာဝန်ကျေပို့ရမည့် ဘိလပ်မြေကို အမြန်ပို့ (လက်ပူတိုက်) ပို့ခိုင်းနိုင်လို့ အပြစ်လွတ်သွားတာ များပါတယ်။

ဦးအောင်သောင်းဟာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ မြန်မာပြည်မှာ ထိပ်တန်းစာရင်း ၀င်လာခဲ့ပါတယ်။ စက်မှု (၁) ဂေါက်သီးပြိုင်ပွဲတွေမှာ ရတနာသိင်္ဂီ ၊မားသားထရေးဒင်း၊ အေအိတ်ခ်ျကေ၊ လွယ်ဟိန်း၊ အယ်လ်ပိုင်း၊ ရွှေသံလွင် စတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးများက ဂေါက်ရိုက်ပွဲမှ ပြန်လာတဲ့ ၀န်ကြီးကို အရှင်သခင် ကျေးဇူးရှင်ကြီးသဖွယ် ၊ခရီးဦးကြိုပြု ပုဝါကမ်းရတဲ့ မြင်ကွင်းဟာ အာဏာရှင်ကြီး အတွင်းသရုပ် ဖော်ကျူးနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို ဖော်ထုတ်တင်ပြရရင် သူ့ရဲ့သားများဖြစ်ကြတဲ့ ကိုနေအောင်နဲ့ ကိုမိုးအောင်တို့ဟာ အောင်ရီဖြိုး ကုမ္ပဏီ ထူထောင်ပြီး ဖဲရိုက်ဝါသနာ ထုံသူများ ဖြစ်ကာ အလှည့်ကျ ဆွေမျိုး မိသားစုအိမ်တွေမှာ ဖဲလှည့်ရိုက်နေစဉ် သူတို့အချင်းချင်း ပိုင်ဆိုင်မှု ကြွယ်ဝချမ်းသာမှုအား ပြိုင်ဆိုင်ရင်း ဂုဏ်ယူဝံ့ကြွားခဲ့ရာမှာ အနိမ့်ဆုံး ချမ်းသာသူ မိသားစုဝင် တစ်ဦးပင်လျှင် ၂၀၀၀ ခုနှစ် အချိန်ကာလတုံးက သိန်းထောင်ချီနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဦးအောင်သောင်းဟာ အတ္တသမားပီပီ ငါ့အတွက်၊ ငါ့မိန်းမ၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုး အတွက် ငါ၏အရှက်ကို ပေးဆပ်မည်လို့ ကြွေးကြော်ရင်း အရှက်သိက္ခာမဲ့စွာ ကိုယ်ကျိုး စီးပွါးကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ရင်း စက်မှု ( ၁) ရဲ့ အဆီအနှစ်များအား ၀ါးမြိုကာ စက်ရုံများ အရူံးပေါ်အောင်နဲ့ ၀င်းသူဇာဆိုင်ကြီး နလံမထူ ပျက်ဆီးဆုံးရူံးအောင် စွမ်းဆောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။

စက်မှု (၁) ၀န်ကြီးဌာနမှာ တကယ်ကျွမ်းကျင်သူ ပညာရှင်တွေကို နေရာမပေးဘဲ သူနဲ့ သူ့မိန်းမရဲ့ ဆွေမျိုးတွေ သူတို့ဇာတိ တောင်သာနယ်တ၀ိုက်က လူတွေကိုသာ အရည်အချင်း မရှိလည်း ဇွတ်အတင်း နေရာပေးထားမှုကြောင့် ၀န်ကြီးဌာနအတွင်းမှာ မကျေနပ်မှုများနဲ့ အတူ ပညာရှင်များစွာ အလုပ်မှ နှုတ်ထွက်ကုန်ကြလို့ အခုလို လုပ်ငန်းတွေ ဆုံးရူံးနစ်နာ အောင်မြင်မှု မရတာလို့ ၀န်ထမ်းတွေက ဝေဖန်ပြောကြားခဲ့ပါတယ်။

ကိုယ်ကျိုးစီးပွါးကိုသာ အဓိက ကြည့်ရူကာ အောက်လမ်းနည်းနဲ့ ဗိုလ်သန်းရွှေအကြိုက် ဒေါ်အောင်ဆန်းစုကြည်အား တက်တက်ကြွကြွ ဝေဖန်တိုက်ခိုက်တတ်လို့ သူထင်သလို အခုလို တိုင်းပြည်ဘဏ္ဍာများအား ဆုံးရူံးနစ်နာအောင် ချယ်လှယ်ခွင့် ရနေခဲ့တာ ဖြစ်ပါတယ်။

ရွှေဂုံတိုင်မှာရှိတဲ့ အောင်ရီဖြိုး ကုမ္ပဏီဟာ ဦးအောင်သောင်းရဲ့ သားများ ဦးစီးတဲ့ ကုမ္ပဏီ ဖြစ်ပြီး မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုဝန်ကြီးဌာနနဲ့ အခြား ၀န်ကြီး ဌာနတို့မှ လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို တင်သွင်းခွင့်ပါမစ်၊ သွင်းကုန် ထုတ်ကုန် လိုင်စင်များအပြင် လုပ်ပိုင်ခွင့်အ၀၀ကို တစ်နည်းတစ်ဖုံ ချုပ်ကိုင်ရယူ ၀ါးမျိုထားကြတဲ့အပြင် ယခင် လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်ချုပ်တင်ထွဋ်ရဲ့သားနဲ့ ပူးပေါင်းပြီးတော့လည်း ရေအား လျှပ်စစ်စီမံကိန်းများ ကံထရိုက်ဆွဲကာ စက်ကြီးများ တင်သွင်းခွင့်ကိုလည်း ကန်ထရိုက် ရယူ ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ စက်မှု (၁) ၀န်ကြီးဌာနကို တင်သွင်းမဲ့ တရုတ်နှင့် အိန္ဒိယတို့မှ နိုင်ငံခြား ကုမ္ပဏီများကို လာဘ်ငွေတောင်းခံရာမှာ ကြားခံအဖြစ် အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင် အသင်းမှ ပုဂ္ဂိုလ်လိုမျိုးအား ပွဲစားထားခဲ့ကာ အဂတိ လိုက်စားမှုအရာမှာ ကမ်းကုန်အောင် သောင်းကျန်းခဲ့ပါတယ်။

ယခင်က မန္တလေးဘီယာ လုပ်ကိုင်ခွင့်ရထားသူ ဒေါ်ဝင်းဝင်းနုထံမှ လစဉ် ထောက်ပံ့ကြေး သိန်း(၁၀၀) တောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းတွေကို သိနေတဲ့ စက်မှု (၁) ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်းဟာ ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ထံ စက်မူ (၁) မှ သာပေါင်းစက်ရုံရဲ့ အဂတိ လိုက်စားထားတဲ့ ကိစ္စအား စာနဲ့တိုင်ကြားခဲ့ပါတယ်။

ကံကောင်းထောက်မစွာ ဦးအောင်သောင်းဟာ သူ့ကို တိုင်ထားတဲ့ သတင်းအား ရရှိသွားပြီး လက်ဦးမှုယူကာ ဗိုလ်မှူးချုပ်ကျော်ဝင်းအား ဖြုတ်ချခဲ့ပါတယ်။

ဦးအောင်သောင်းဟာ ဗိုလ်သန်းရွှေရဲ့ အကြိုက်ကို သိသူပီပီ ကြံ့ဖွံ့အား အရောင်တင်ကာ လူမိုက်လုပ်ရင်း ဒီပဲယင်း အရေးအခင်းဖြစ်အောင် ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်သန်းရွှေမှ မုန်းတီးအောင် အခါမလပ် သွေးထိုးနေပြီး မိမိရဲ့ အကျင့်ပျက် ခြစားမှုအား ကာကွယ်ရင်း အောက်လမ်းနည်းနဲ့ ရာထူးအာဏာကို ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။

ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့်ကလည်း ဦးအောင်သောင်းရဲ့ ခြေလှမ်းကြဲလာမှုကို ရိပ်မိလာကာ သူ့အား ခွင့်ပြုချက်မတောင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်မှု ဖြစ်အောင် ဖန်တီးလိုက်တဲ့ ဦးအောင်သောင်းအား ကြည့်မရတော့တာနဲ့ ဖြုတ်ဖို့ သာပေါင်း စက္ကူစက်ရုံကို စစ်ဆေးဖို့ ဆင်းသွားခဲ့ပါတယ်။

ဦးအောင်သောင်းဟာ ပြာသွားပြီး သူ့သားအငယ် ဗိုလ်မှူးပြည်အောင်အား ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့တစ်ဦးတည်းသော မွေးစားသမီး နန္ဒာအေးနဲ့ အမြန်လက်ဆက်စေပြီး အကာအကွယ် ရယူနိုင်ခဲ့ပြန်ပါတယ်။ အဲဒီနောက် သူ့ရဲ့သား မင်္ဂလာဆောင် ဆီဒိုးနားဟော်တယ်မှာ ဒုတပ်ချုပ် ဗိုလ်မောင်အေးရှေ့တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်အား မင်္ဂလာ ပန်ကုံးစွပ်ခိုင်းခြင်းဖြင့် ဦးအောင်သောင်းဟာ သူ့ရဲ့ အခြေ ပြန်ခိုင်သွားအောင် ဖန်တီးနိုင်ခဲ့ပါတော့တယ်။

တဖန် ဗိုလ်ခင်ညွှန့်အား အာဏာရယူဖို့ ကြိုးစားနေကြောင်းနဲ့ ဗိုလ်နေ၀င်းမြေးတွေကိစ္စ၊ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား ပျော့ပြောင်းတဲ့ကိစ္စများအား သွေးထိုးပြောဆို နိုင်ခဲ့ကာ နောက်ကျောကို ဓါးနဲ့ထိုးသလို ဆောင်ရွက်ခဲ့လို့ ဗိုလ်ခင်ညွှန့်ခမျာ ကျဆုံးခဲ့ရရှာပါတယ်။

အဲဒီလို ဦးအောင်သောင်းရဲ့ အတွင်းစိတ်ဟာ ရက်စက်ယုတ်မာသလောက် သူ့ရဲ့ အသက် အိုးအိမ်စည်းစိမ် ထိခိုက်လာမယ်ဆိုရင်တော့ သေမလောက်အောင် ကြောက်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အိမ် (၅၄) အင်းလျားလမ်း ပတ်ဝန်းကျင်မှာ လျှပ်စစ်လွှတ်ထားသော ၀ါယာကြိုးများ ပတ်ပတ်လည် ချထားပါတယ်။

စက်မှု (၁) အစည်းအဝေးတိုင်းမှာ မဆီမဆိုင် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းကိုသာ ပြောဆိုပုတ်ခတ် တိုက်ခိုက်တတ်ပြီး ရွေးကောက်ပွဲပြီးရင် သူဝန်ကြီးချုပ်လုပ်ဖို့ စိတ်ကူးယဉ်နေသလို ဗိုလ်သန်းရွှေအား နောက်ကွယ်မှ ကြိုးကိုင်နေသူ တစ်ဦးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s