“သဘာဝအနေအထားအတိုင်း ဖန်တီးထားသင့်သည့် တိရစ္ဆာန်ဥယျာဉ်များ”

10425-Yangon-Zoo

လူသားတို့သည် အပင်များ၊ တိရစ္ဆာန်များနှင့်အတူ ယှဉ်တွဲရှင်သန်လျက် ကမ္ဘာမြေကြီးတွင် နေထိုင်လျက်ရှိသည်။ သို့ဖြစ်၍ လူသားတို့အနေဖြင့် အပင်များနှင့် တိရစ္ဆာန်များအပေါ်တွင် စိတ်ဝင်စားမှု၊ စူးစမ်းလိုမှုရှိခဲ့ကြသည်။ လူသားဟူ၍ စတင်ဖြစ်ထွန်းစ အချိန်ကာလများ၌ လူတို့အနေဖြင့် တိရစ္ဆာန်များအား စားနပ်ရိက္ခာအတွက်သာ အမဲလိုက်ခဲ့ကြသည်။ ယဉ်ကျေးမှုအဆင့်အတန်း အနည်းငယ်မြင့်မားလာသော အချိန်၌ အမဲလိုက်ခြင်းမှတဆင့်တက်၍ တိရစ္ဆာန်များကို အရှင်ဖမ်းပြီး လှောင်၍မွေးထားသောဓလေ့ ပေါ်ထွန်းလာခဲ့သည်။ တောရိုင်းတိရစ္ဆာန်များကို အရှင်ဖမ်းဆီးမွေးမြူ၍ ဝင်းခြံအတွင်း ထားပြီး လူအများ ကြည့်ရှုနိုင်ရန် ပြသခြင်းအလေ့အထမှာ လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀)ခန့်က အီဂျစ်နိုင်ငံ၌ စတင်ခဲ့ကြောင်း ပိရမစ်သင်္ချိုင်းဂူများမှ ရရှိသော အထောက်အထားများအရ လေ့လာသိရှိရပါသည်။

တရုတ်နိုင်ငံ မန်ချူးမင်းဆက်အစ ဘီစီ ၁၀၀၀ ပြည့်နှစ်လောက်၌ တည်ထောင်ခဲ့သော တိရစ္ဆာန် ဥယျာဉ်သည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော တိရစ္ဆာန်ဥယျာဉ်ဖြစ်သည်ဟု သုတေသီများက ယူဆထားကြ သည်။ အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသောတိရစ္ဆာန်ဥယျာဉ်ကို ပထမဟင်နရီဘုရင်လက်ထက်၌ Oxford ဒေသ ဝုစတော့အရပ်ဒေသတွင် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တတိယဟင်နရီဘုရင်လက်ထက်တွင် တောရိုင်း တိရစ္ဆာန်များ ချောင်ချိစွာ သဘာဝအတိုင်း နေထိုင်နိုင်အောင် တိရစ္ဆာန်ဥယျာဉ်ကို တိုးချဲ့မွမ်းမံခဲ့သည်။ အဆိုပါ အင်္ဂလန်နိုင်ငံ၌ တိရစ္ဆာန်ဥယျာဉ်များ တည်ထောင်သည်အထိ သိပ္ပံပညာရပ်ဆိုင်ရာ ဗဟုသုတ ရရှိမှု အပေါ်အခြေခံခဲ့သည် မဟုတ်ဘဲ အထူးအဆန်း ကြည့်ရှုစရာအဖြစ်သာ သဘောထားခဲ့ကြသည်။

ကိုလိုနီခေတ်တွင် သစ်တောဌာနဖွဲ့စည်းတည်ထောင်ခြင်းနှင့်အတူ သားငှက်တိရစ္ဆာန်များ ကာကွယ်ရေးနှင့် စနစ်တကျ စီမံအုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့ကြသည်။ ၁၈၇၉ ခုနှစ်တွင် ဆင်များထိန်းသိမ်း ကာကွယ်ရေးအက်ဥပဒေကို ထုတ်ပြန်ကာကွယ်ခဲ့သည်။ ၁၉၀၂တွင် မြန်မာ့သစ်တောအက်ဥပဒေတွင်လည်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ပါဝင်ခဲ့သည်။ သစ်တောကြိုးဝိုင်းများနှင့် ကန့်သတ် နယ်မြေများအတွင်း တောရိုင်းတိရစ္ဆာန်များကို သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်၍ တရားမဝင် အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းများကို တားမြစ်ကာကွယ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ပိတောင်ဘေးမဲ့တောကို မြန်မာနိုင်ငံ၏ ပထမဆုံးဘေးမဲ့တော့အဖြစ် သတ်မှတ်၍ တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ခဲ့သည်။

မြန်မာနိုင်ငံ၏ တိရစ္ဆာန်ဥယျာဉ်သမိုင်းကို ဖော်ပြရလျှင် ၁၈၈၂ ခုနှစ်၌ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ယခုဆေးရုံကြီးနေရာတွင် တောရိုင်းတိရစ္ဆာန်များကို ပြသခြင်းမှ စတင်ခဲ့သည်။ ၎င်းနေရာသည် ၄၂.၀၂ ဧကကျယ်ဝန်းပြီး ယခင်က “ဖယ်ရာပြတိုက်” ဖြစ်ပါသည်။ ၁၉၀၁ ခုနှစ်တွင် ဝိတိုရိယ ဘုရင်မကြီး၏ နန်းသက် (၂၅)နှစ်မြောက် အထိန်းအမှတ်အဖြစ် တိရစ္ဆာန်ဥယျာဉ် ဆောက်လုပ်ရန်အတွက် ပြည်သူလူထုထံမှ ကောက်ခံရရှိသော ငွေကျပ် နှစ်သိန်းလေးသောင်းဖြင့် ကန်တော်ကြီးအနီးရှိ မြေရိုင်း ၆၁ ဧကကို ရှင်းလင်း၍ တိရစ္ဆာန်ဥယျာဉ်တစ်ခုအဖြစ် စတင်ခဲ့ပါသည်။

တိရစ္ဆာန်ဥယျာဉ်များ တည်ထောင်ခြင်း၏ ရည်ရွယ်ချက်မှာ လူအများ ကြည့်ရှုရုံသက်သက်သာ တည်ထောင်ထားခြင်းမဟုတ်ချေ။ တိရစ္ဆာန်များကို လူအများစိတ်ဝင်စား၍ချစ်ခင်စိတ် ဖြစ်ပေါ်လာစေရန် အတွက်လည်းကောင်း၊ သိပ္ပံပညာရှင်များ၊ သတ္တဗေဒပညာရှင်များအနေဖြင့် တိရစ္ဆာန်များကို အနီးကပ်လေ့လာနိုင်ခြင်းအားဖြင့် တိရစ္ဆာန်များ၏ ပြုမူပုံ၊ စားသောက်ပုံ၊ မည်သို့ကြီးပြင်းလာပုံအစရှိသည့် အရေးကြီးသော ဗဟုသုတများကို ရရှိစေရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်းဖြစ်သည်။ အရေးပါသော သိပ္ပံဆိုင်ရာတွေ့ရှိချက်များအနက် အချို့မှာ တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်များကို လေ့လာရာမှ ထွက်ရှိကြောင်းသိရသည်။

ထို့ကြောင့် ယနေ့တိရစ္ဆာန်ဥယျာဉ်များသည် ရှေးယခင်ကကဲ့သို့ “တိရစ္ဆာန်ရုံ”အဆင့်တွင်သာ မဟုတ်ဘဲ တိရစ္ဆာန်များအကြောင်းကို လေ့လာနိုင်သော သတ္တဗေဒဆိုင်ရာ၊ အထူးသဖြင့် တောရိုင်းတိရစ္ဆာန် နှင့် ပတ်သက်၍ ဘာသာဗေဒဆည်းပူးရာ ကျောင်းကြီးများသဖွယ် ပြတိုက်ကြီးများသဖွယ်အဖြစ်သို့ ရောက်ရှိ နေပြီဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း တိရစ္ဆာန်ဥယျာဉ်တစ်ခုတည်ထောင်ခြင်း၏ ရည်ရွယ်ချက်များတွင် အပန်းဖြေခြင်း၊ ပညာပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သုတေသနလုပ်ငန်းအား အထောက်အကူဖြစ်စေခြင်း၊ သဘာဝကိုအခြေခံသော ခရီးသွားနေရာတစ်ခုဖြစ်စေခြင်းများ ပါဝင်ပါသည်။

အခြားသောအကျိုးကျေးဇူးတစ်ခုမှာ ကမ္ဘာပေါ်တွင် မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များကို မွေးမြူ ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များ ကွယ်ပျောက်သွားပါက လူသားတို့အကျိုးအတွက် ကြီးများသောထိခိုက်မှု သက်ရောက်နိုင်ပါသည်။ သို့ဖြစ်ပါ၍ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ခြင်း၌ သဘာဝဖြစ်စဉ်မပျက် ထိန်းသိမ်းစောင့်ရှောက်သောနည်းလမ်း (In-Situ conservation) ဖြစ်သည့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တည်ထောင်ခြင်းနှင့် သဘာဝအတိုင်းနေထိုင်သော နေရာများပြင်ပ၌ ပြုစုထိန်းသိမ်းခြင်း (Ex-Situ Conservation) ဖြစ်သည့် တိရစ္ဆာန်ဥယျာဉ်၊ ငါးပြတိုက်စသည်တို့ တည်ထောင်ခြင်းတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။

၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ဝိတိုရိယဘုရင်မပန်းခြံ (Victoria Memorial Park) ဟု ကင်ပွန်းတပ်ကာ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၀၈ ခုနှစ်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အက်ဥပဒေကို ပြဌာန်းခဲ့ပြီး အက်ဥပဒေအပိုဒ် ၂ အရ၊ ဥယျာဉ်အမည်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟု သတ်မှတ်ခဲ့ကြသည်။ ယခုအချိန်တွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ဟု ပြောင်းလဲသတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်များ အနက် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သည် ရှေးအကျဆုံးဖြစ်ပြီး ယခုအချိန်၌ နှစ် (၁၀၀)ကျော်ခဲ့ပြီ ဖြစ်သည်။ ထို့အတူ အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံးနှင့် တိရစ္ဆာန်မျိုးများစုံလင်လှသည်ဟု ထင်ရှားခဲ့သော တိရစ္ဆာန်ဥယျာဉ်ကြီးတစ်ခုဖြစ်သကဲ့သို့ မြန်မာလူမျိုးများ၏ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်တို့အပေါ်တွင် ထိန်းသိမ်းလိုစိတ်ကိုပြသော ပြယုဂ်တစ်ခုလည်းဖြစ်ပေသည်။

ဝင်းဆွေ (ဗဟန်း)
Jan-02-2013
မြန်မာ့အလင်းသတင်းစာ ဆောင်းပါးပါတွင်ပါဝင်သော ကောက်နှုတ်ချက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s