Tax in Burma

အခုရေးမဲ့အကြောင်းကတော့ အခွန်ကောက်နည်းစနစ်၊ ကျွန်တော်သိသမျှ အနည်းအကျဉ်းပါပဲ။ မြန်မာပြည်က ရေးရာဌာနများ၊ ဥပဒေများ ရေးဆွဲအတည်ပြုပြီး၊ ဥပဒေစိုးမိုးရေးကို အဓိကထားပြီးလုပ်ဆောင်ကြတာ အားရစရာကောင်းပါတယ်။ နိုင်ငံရေး၊ အခြေခံဥပဒေတို့ကတော့ ရှုပ်ထွေးပါတယ်။ သို့သော် အခွန်ကောက်ခြင်းကိုတော့ လွယ်ကူတာကြောင့် အနည်းငယ်ရေးလိုပါတယ်။ အခွန်ရှောင်ခြင်း၊ ခြစားခြင်းများကို တတ်နိုင်သမျှကာကွယ်ဖို့ပါ။

အခု နိုင်ငံတော်အစိုးရက Zero Factory နိုင်ငံတော်စီးပွားရေးလုပ်ငန်း၊ကော်ပိုရေးရှင်းအားလုံးကို ဖြက်သိမ်းနေပါတယ်။ ပုဂ္ဂလိကကို လွှဲပြောင်းပေးအပ်နေပါတယ်။ တဖက်ကကြည့်ရင် အစိုးရက သူ့လူတွေကို ကာကွယ်ရပါမယ်။
သိန်းပေါင်းများစွာသော စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ သန်းနဲ့ချီတဲ့ အစိုးရ၀န်ထမ်းများ၊ ပင်စင်စားဝန်ထမ်းဟောင်းများ၊ နောက်ဆုံးတော့ ၇၅% (၄၅သန်း) လောက်ရှိတဲ့ လယ်ယာလုပ်သားများ၊ အသေးစား၊အလတ်စား စက်မှုလက်မှုလုပ်ငန်း အလုပ်သမား မိသားစုများကို ဦးစားပေးစနစ်အတိုင်း ဂရုစိုက်ပေးရပါတယ်။ စစ်တပ်ကို စီးပွားရေးလုပ်ခိုင်းခြင်း၊ လယ်ယာများကို ကုမ္ပဏီများက ရော်ကြေးပေးသိမ်းပိုက်ခြင်း၊ အိမ်ယာမြေများ၊ စက်မှုဇုံများကို အသစ်ဖေါ်ခွင့်မရှိခြင်း၊ တယ်လီဖုန်းကပ်များ၊ တယ်လီဖုန်းကြေးများကို အဆမတန်ကောက်ယူခြင်း၊ စတဲ့ အခွင့်ရေးသမားများ အတွက် လက်ဝါးကြီးအုပ်ငွေရှင်များ၊ ၀န်ထမ်းများမှာ ခြစားမှုစနစ်သစ်များ ပေါ်ထွက်ခဲ့ပါတယ်။ FDI နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ ရပေမဲ့၊ နိုင်ငံလူများစုဖြစ်တဲ့ လယ်သမား၊အလုပ်သမားတွေဟာ တစ်လကို ကျပ်၎သောင်းရတဲ့ အလုပ်တွေ ရှာဖွေပေးရေးအတွက် အစိုးရက သုံးစွဲရမယ်၊ ၂၀၁၅မှာ လူထုပျမ်းမျှဝင်ငွေကို ၂ဆတိုးစေဖို့ လုပ်ဆောင်သွားမယ်လို့ အစိုးရအကြီးအကဲက ဆိုပါတယ်။ အပြောနဲ့အလုပ်ညီညွတ်ဖို့တော့ လူသားတွေ (အစိုးရခေါင်းဆောင်များ) မှာ မူတည်နေပါတယ်။

မြန်မာနိုင်ငံအစိုးရရဲ့ အစီရင်ခံစာတွေကိုကြည့်ရင် အလွန်ထူထဲလှတဲ့ စာအုပ်ကြီးများဖြစ်ပါတယ်။ လွှတ်တော်အမတ်များကို တင်ပြတော့ အမတ်မင်းများလည်း ဘယ်နားလည်သေးမလဲ။ အစိုးရလူကြီးများဖြစ်တဲ့ ၀န်ကြီးဌာနပေါင်း ၃၀ခုမှာ ဌာနအားလုံးက အရေးကြီးပါတယ်။ ၀န်ကြီးများရုံးက ၀န်ကြီး၆ဦးနဲ့ အစိုးရခေါင်းဆောင်၊ သမ္မတ၊ ဒုသမ္မတ အစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော်ရုံး၊ တရားလွှတ်တော်ရုံး၊ ကာချုပ်ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရုံး၊ ရွေးကောက်ပွဲရုံး၊ ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ရာထူးခန့်ရုံး စတဲ့နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းတွေရှိပါတယ်။ စီမံဘဏ္ဍာဝန်ကြီးဌာနက အခွန်ဦးစီးဌာနတစ်ခုကပဲ၊ တစ်နိုင်ငံလုံးရဲ့ အခွန်တွေကို လိုက်ကောက်နေရသလား .. အဓိကကျပါသလား မေးရင်တော့၊ ငွေကြေးတန်ဖိုး၊ ၀င်ငွေအနေနဲ့တော့ ရေရှည်အတွက် အလွန်အရေးကြီးလှပါတယ် ..လို့ ဖြေရပါတယ်။ မိသားစုဝင်ငွေကောင်းတိုင်း မိသားစုအဆင်မပြေပါဘူး။ ၀င်ငွေကို စနစ်တကျသုံးစွဲတဲ့ ဘတ်ဂျက်ရေးဆွဲ၊ လျာထားပေးရေးက ၀န်ကြီးဌာနများကို ခွဲဝေသုံးစွဲရပါတယ်။ စစ်တပ်ကို ဘယ်လောက်၊ ပညာရေး၊ ကျန်းမာရေးကို ဘယ်လောက် ..စသဖြင့် သုံးရပါတယ်။

ပေါ်ပင်ဖြစ်နေတဲ့ ၀င်ငွေကောင်းတဲ့အလုပ်များကိုပဲ လေ့လာကြည့်ပါမယ်။

တယ်လီဖုန်းဈေးကွက်။
လောလောဆယ် ရာထူးရပ်နားလိုက်တဲ့ ဆက်သွယ်ရေးဝန်ကြီးဆိုတာ၊ အစိုးရသစ်မတိုင်မီက နာမည်ကောင်းစာရင်းထဲပါတယ် လို့ဆိုပါတယ်။ ခြစားမှုများတဲ့ ဌာနတစ်ခုဆိုတာ ၀င်ငွေကောင်းလို့ပဲ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံအားလုံးမှာ ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရကပဲ ကိုင်တွယ်ထားပါတယ်။ အခုခေတ်က မိုဘိုင်းခေတ်၊ အင်တာနက်ခေတ် ဆိုတော့ မိသားစုအသုံးစရိတ် ၁၀%လောက်ဟာ တယ်လီဖုန်းစရိတ်နဲ့ပဲကုန်ပါတယ်။ လစဉ် ဖုန်းအကြွေးနဲ့ဝယ်ခ၊ တယ်လီဖုန်းဘီလ်၊ အခုဆို အိုင်ဖုန်း၊ စမတ်ဖုန်း၊ တက်ဘလက် တစ်နှစ်တခါ အသစ်လဲ၊ ကုန်ကျနေရတဲ့ အလွန်ကြီးမားလှတဲ့ ဈေးကွက်ကြီးဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ အစိုးရ၀န်ထမ်းများ ခြစားနေရသလဲဆိုတာ အတွင်းလူတွေပဲ အတိကျသိနိုင်မှာပါ။ ကျနော်သိရသလောက်တော့ ဆပ်ကွန်းတွေ အင်မတန်များလှပါတယ်။ ရှင်းရှင်းပြောရရင် ပွဲစားအဆင့်ဆင့် များလွန်းပါတယ်။ ဆင်းမ်ကဒ် ရောင်းချမှု၊ တယ်လီဖုန်းကဒ်ရောင်းချမှု၊ ဟန်ဆက်ရောင်းချမှု… အလွန်ကြီးမားတဲ့ ဈေးကွက်။ မနစ်က ပရိုဂျက်ပေါင်း ဒေါ်လာသန်းပေါင်း တစ်ထောင်ကျော် သုံးပါတယ်။ ၂၀၁၃ နှစ်ဦးပိုင်းမှာတော့ ၀န်ကြီးအပါဝင်၊ ၀န်ထမ်းများစွာ အရေးယူခံရပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီများကို အရေးယူမှုမရှိတော့ ခြစားသူပဲ အရေးယူပြီး၊ ခြပေးသူတွေ လွတ်နေပါတယ်။ Niche Market လို့ခေါ်တဲ့ အစိုးရဌာနကြီးတစ်ခုဖြစ်ပါတယ်။ အစိုးရ ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်ရန်ဖြစ်ပါတယ်။ ကျနော်တို့ ၀ယ်တဲ့ တယ်လီဖုန်းခ၊ အင်တာနက် လိုင်းကြေး ဒေါ်လာ၁၀၀ဖိုးဆိုရင် အစိုးရရ အခွန်အဖြစ် တစ်ဝက်တောင်ရရဲ့လားလို့ မေးချင်ပါတယ်။ ဝေစားမျှစားတဲ့ လူတွေ၊ အဆင့်တွေ များတော့ အလွန်လူသုံးများတဲ့ ဆက်သွယ်ရေးဝင်ငွေရဲ့ တစ်ဝက်ကို အစိုးရ အိပ်ဝင်၊ သပိတ်ဝင် ရစေချင်ပါတယ်။

ကြေးနီဈေးကွက်
လက်ပံတောင်းတောင် အရေးအခင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာထွက်လာကတည်းက အခွန်ဘယ်လောက်ရသလဲဆိုတာ အကြမ်းဖျင်းပေါ်နေပါပြီ။ ပြည်သူလူထုနဲ့ လူ့အခွင့်ရေးအဖွဲ့များကတော့ ပြည်သူတွေမရတာပဲ ကန့်ကွက်ဆန္နပြကြတယ်။ နိုင်ငံတော်အစိုးရက အခွန်ငွေဘယ်လောက်ရမယ်ဆိုတာ၊ အမြက်ရဲ့ ၁၈%ဦးပိုင်က ရရှိမယ်၊ ရောင်းခွန်က ၂ရာနှုန်းတောင် မရမဲ့ပုံစံဖြစ်နေပြီး၊ တရုပ်ဝမ်ပေါင်က အသုံးစရိတ်ကြမ်းလို့ အမြက်မရှိရင်၊ ဦးပိုင်လဲ အမြက်သုည ဖြစ်သွားနိုင်ပါတယ်။ တရုပ်ပြည်ရဲ့ စီးပွားရေးကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်ဖို့ မြန်မာ့စီးပွားအဖွဲ့အစည်းများမှာ နိုင်ငံခြားသားများကို အကြံပေးခန့်ရုံမလုံလောက်တော့ပါ။အခွန်ကောက် ဒေါ်လာ သန်း၁၀၀ရဖို့အတွက် ကျွမ်းကျင်သူများကို ၂၀%လောက်ပေးပြီး ငှားရမ်းရမယ်ဖြစ်ပါတယ်။ Royalty tax 4% ကတော့ သေချာတဲ့ အခွန်ဖြစ်ပြီး၊ Commercial 8% tax ကတော့ ပြည်ပပို့မဲ့အတွက် အလကားဖြစ်နေပါတယ်။ အမြက်ပေါ်ရတဲ့ ၀င်ငွေခွန် 4% ဆိုတာလဲ အမြက်မရှိဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ ၀မ်ပေါင်ရဲ့ ကုန်ထုတ်မှုလုပ်ငန်းမှာ ဦးပိုင်က အမြက်များများရအောင် ၀င်ပါခွင့်မရှိလို့ ဆိုပါတယ်။ နောက်ဆုံးပြောရရင် ၀မ်ပေါင်ပေးသမျှပဲ ယူရမဲ့ အုံနာမြန်မာအစိုးရဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာဟာ အလွန်တန်ဖိုးရှိပါတယ်။ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးစနစ်တခုကို အကြမ်းဖျင်း စီစစ်ဖေါ်ပြထားပါတယ်။ ၀မ်ပေါင်ရဲ့ လည်ဝယ်၊အရင်းရှင်ဆန်မှုတွေကို အကြမ်းဖျင်းသိနိုင်ပါတယ်။

ရေအားလျှပ်စစ်ဈေးကွက်
မြစ်ဆုံဆည်လုပ်ငန်းကို ရပ်တံ့နိုင်ခြင်း၊ ဧရာဝတီကယ်ဆယ်ရေးလုပ်ငန်း အားလုံးအမှတ်ရနေဆဲဖြစ်ပါတယ်။ မြစ်ဆုံဆည်တော့ ရပ်သွားပေမဲ့ အခြားဆည်များတော့ ပြီးစီး၊ လည်ပတ်၊ လျှပ်စစ်ရောင်းစားနေပါပြီ။ သံလွင်မြစ်မှာလည်း ရေအားလျှပ်စစ် ဆည်လုပ်ငန်းများရှိပါတယ်။ အထက်က ဖေါ်ပြတဲ့ ကြေးနီတောင် အစီရင်ခံစာအတိုင်းဆိုရင် အမြက်ဆိုတာ တရုပ်ကုမ္ပဏီက ဒါလောက်မြက်တယ်…ဆိုမှ အဲဒီအမြက်အပေါ် နိုင်ငံတော်က အချိုးကျရမယ်ဖြစ်ပါတယ်။ တနည်းအားဖြင့် အခွန်ရမယ်ဆိုတာ ဒေါ်လာသန်းတစ်ရာဖိုးရောင်းချရင် ကြေးနီစီမံကိန်းလိုပဲ Royalty tax 4% နဲ့ပဲ ကျေနပ်ရမလား။ ပြီးတော့ ကြေးနီစီမံကိန်းလို ဈေးနှုန်းညှိနှိုင်းမှုမှာ သူတို့တစ်ဖက်သတ်ဈေးနဲ့ပဲ ရောင်းချရမလား။ အရောင်းအ၀ယ်ဈေးကွက်မှာ ပွင့်လင်းမှုမရှိရင် ကမ္ဘာ့ပေါက်ဈေးအတိုင်းရဖို့ လိုပါတယ်။ (ဓါတ်ပုံ။ တာပိန်ရေအားလျှပ်စစ်၊ ကချင်ပြည်နယ်)

ကျောက်စိမ်းဈေးကွက်
မြန်မာနိုင်ငံကျောက်မြက်ရတနာပြပွဲကို လာရောက်တဲ့ နိုင်ငံခြားကုမ္ပဏီများဟာ ဟောင်ကောင်လိုနေရာမျိုးမှာ အရင်တွေ့ဆုံပြီး၊ လေလံပွဲမတိုင်ခင်ကတည်းက ဈေးညှိပြီးသားလို့ ဆိုပါတယ်။ မြန်မာအစိုးရ ကျောက်မြက်ရတနာကော်ပိုရေးရှင်းကလူကြီးတွေလည်း သိသိကြီးနဲ့၊ လေလံပွဲတွေလုပ်ပေးရပါတယ်။ ဟန်ပြလေလံအဆင့်ကို ရောက်နေတယ်လို့ ဆိုပါတယ်။ တကယ့် ကောင်းတဲ့ ကျောက်စိမ်း၊ ကျောက်မြက်တွေကတော့ တရုပ်နယ်စပ်ကနေ နည်းအမျိုးမျိုးနဲ့ KIA, စစ်တပ်၊ ဌာနဆိုင်ရာများကို ကျော်လွှားပြီး တရုပ်ပြည်ဖက် ထွက်သွားကြပြီလို့ ဆိုပါတယ်။ အခုတော့ တရုပ်ပြည်အစိုးရက ကချင်ပြည်တွင်းစစ်ပွဲအတွင်း ကျောက်မြက်အခွန်တွေ နင်းကန်ကောက်ပစ်လိုက်လို့၊ ဈေးကွက်တော့ ပျက်သွားပါပြီး။
ကျောက်စိမ်းအခွန်၊ ရသင့်သလောက် မရခြင်းဆိုတာ နိုင်ငံခြား၊ လူလည်ကြီးများဖြစ်တဲ့ ကုမ္ပဏီကြီးများ စုပေါင်း၊ အုပ်စုဖွဲ့ပြီး မြန်မာ့အစိုးရ၀န်ထမ်းများကို မလိမ့်တပတ်လုပ်နေခြင်းကို ဥပမာတင်ပြခြင်းဖြစ်ပါတယ်။

ချေးငွေများ
ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အီးယူ၊ အာရှဘဏ်၊ ကုလသမဂ္ဂ..စတဲ့အဖွဲအစည်းများထံမှနှစ်ရှည်ချေးငွေများ ရဖို့ ကြိုးစားနေပါတယ်။ အမေရိကန်သမ္မတအိုဘားမား၊ အီးယူ၊ဂျပန်ခေါင်းဆောင်ကြီးများနဲ့ မြန်မာအစိုရ သမ္မတဦးသိန်းစိန်၊ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန်နားလည်မှု ခရီးစဉ်များနောက်ပိုင်း အနောက်နိုင်ငံများ ပိတ်ဆို့မှု Sanction များဖြေရှော့ပေးလိုက်ပါတယ်။ ၂နိုင်ငံခေါင်းဆောင်အချင်းချင်း တွေ့ဆုံပြီး ချေးငွေများစွာ ရရှိလာပါတယ်။ ချေးငွေနဲ့ပတ်သက်ပြီး ကန်ဒေါ်လာသန်း၁၀၀ ချေးလိုက်တယ်ဆိုရင် ၊ မြန်မာအစိုးရဘဏ်စာရင်းထဲ ကန်ဒေါ်လာသန်း၁၀၀ ၀င်လာမယ်လို့ ထင်စရာဖြစ်ပေမဲ့၊ လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။ာ

ဥပမာ ဗီယက်နမ်သို့ ငါးလုပ်ငန်းအတွက်၊ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း၃၀၀ ပေးလိုက်တယ်ဆိုပါတော့။ ကမ္ဘာ့ဘဏ်ဆိုတာ အမေရိကန်နိုင်ငံကြီးစိုးတဲ့ ဘဏ်ကြီးဖြစ်တော့၊ ဗီယက်နမ်ငါးလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်း၊ ငါးဖမ်းသင်္ဘောတွေ ၀ယ်ဖို့ဆိုရင် အမေရိကန်လုပ်တဲ့ စက်ပစ္စည်းတွေကိုပဲ ၀ယ်ရပါမယ်။ စာချုပ်ချုပ်ကတည်းက တချို့ချေးငွေဆိုရင် အမေရိကန်ငါးဖမ်းစက်ပစ္စည်းများထုတ်လုပ်တဲ့ ဒီ ကုမ္ပဏီ ဆီကပဲ ၀ယ်ရမယ်လို့ သတ်မှတ်ပါတယ်။ ကိုးရီးယားငါးဖမ်းစက်ပစ္စည်းက ဘယ်လောက်ကောင်းပြီး၊ ဈေးချို၊ အသုံးတဲ့လှပေမဲ့လည်း သူ့ဆီကငွေချေးတော့ သူပြောတဲ့ စက်ပစ္စည်းတွေကိုပဲ ၀ယ်ရပါတယ်။

ဒီတော့ အမေရိကန်မှာ အသုံးမတဲ့ဖြစ်နေတဲ့ ပစ္စည်းများ၊ ဈေးကြီးလို့ ရောင်းမရတဲ့ ငါးဖမ်းစက်ပစ္စည်းများကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဗီယက်နမ်အစိုးရက ၀ယ်လိုက်ရရှာပါတယ်။ ရွေးချယ်ခွင့်မှမရှိပဲကိုး။ ဗီယက်နမ် အင်ဂျင်နီယာလေးများကလေည်း ..ဟာ..ဒါမကောင်းဘူး၊ ပြောလဲမရဘူး။ ဗီယက်နမ်အစိုးရ ငါးဖမ်းလုပ်ငန်း အင်ဂျင်နီယာချုပ်ကြီးများကိုလည်း အမေရိကန်နိုင်ငံ ဖိတ်ခေါ်၊ ခရီးသွား၊ စာချုပ်လက်မှတ်ထိုး၊ အင်ဂျင်နီယာများကိုလည်း Overseas Training လုပ်ပေးပြီး ရောင်းချလိုက်ပါတယ်။ ကုသိုလ်ကံမကောင်းရင် အဲဒီစက်ပစ္စည်းဟာ နှစ်အနည်းငယ် သုံးပြီး ပျက်သွားပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှု ၁၅နှစ်ခရီးမှာ ဗီယက်နမ်အစိုးရက အမေရိကန်တို့ သူတို့ရဲ့ အသုံးမကျတဲ့စက်ပစ္စည်းများကို ဗီယက်နမ်နိုင်ငံလာရောက် စုပုံစေတယ် ဆိုပြီး စိတ်ဆိုးကြတယ်။ တရုပ်က ပိုဆိုးတော့ နောက်ဆုံး ရုရှားများဆီ ချေးငွေနဲ့နည်းပညာ၊ ချဉ်းကပ်နေရပါတယ်။

မြန်မာအစိုးရခေါင်းဆောင်များလည်း ဒါတွေကို သိပါတယ်။ အထူးသဖြင့် မြန်မာပြည်လာရောက် ရင်းနှီးမြှတ်နှံမဲ့ နိုင်ငံခြားကုမ္ပဏီဆိုတာ ကမ္ဘာ့လူလည်ကြီးများဖြစ်ပါတယ်။ တနည်းအားဖြင့် ပညာတတ်လူလည်ဆိုတော့ နိုင်ငံတကာဗဟုသုတနည်းတဲ့ မြန်မာခေါင်းဆောင် (ဒုတိယတန်း၊ တတိယတန်းခေါင်းဆောင်များ) ကို ဘယ်လို ဆွဲဆောင်၊ ရောင်းချ၊ လက်မှတ်ထိုးခိုင်းရမယ်ဆိုတာ အလွန်ကြွမ်းကျင်တဲ့ နိုင်ငံခြားကုမ္ပဏီများပဲ မြန်မာပြည်လာရောက် FDI ရင်းနှီးမြှတ်နှံကြပါတယ်။

စက်မှုဇုံများ
သီလ၀ါ စက်မှုဇုံ၊ သီလ၀ါ ကွန်တိန်နာဆိပ်ကမ်း၊ သင်္ဘောကျင်း၊ သင်္ဘောလုပ်ငန်းများ ..စတဲ့ စက်မှုလုပ်ငန်းများလည်း မြန်မာပြည်က အဆုံးအမြတ်ပေးနိုင်သူများ အလွန်နည်းပါးနေပါတယ်။ ပေါ်ပင်ဖြစ်နေတဲ့ သွင်းကုန်ထုတ်ကုန်၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ ဓါတ်ငွေ့ စတဲ့လုပ်ငန်းများမှာပဲ ရင်းနှီးမြှတ်နှံလိုကြပြီး၊ လမ်းတံတား၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ စားသောက်ကုန်လုပ်ငန်း စတဲ့ လူများများ အလုပ်ရမဲ့ လုပ်ငန်းများမှာ ရင်းနှီးမှု အလွန်နည်းပါနေပါတယ်။ ဂျပန်ကုမ္ပဏီများကတောင် မြန်မာပြည် ရင်းနှီးမြှတ်နှံဖို့ ၂၀၁ဎ၊ ၂၀၁၂ တွေမှာ လာရောက်တဲ့အခါ Infra Structure ဆိုတဲ့ အခြေခံအဆောက်အဦးများ မပြည့်စုံသေးလို့ ၂၀၁၅နောက်ပိုင်းမှ လာတော့မယ်ဆိုပြီး တပ်ခေါက်သွားကြတယ်။ မိုက်ကရိုဆော့၊ ဂူဂယ်၊ HTC စတဲ့ အင်တာနက်နည်းပညာ ကုမ္ပဏီ ကြီးများလည်း လာရောက်ကြည့်ရှုပြီး ရုံးခန်းလေးတစ်ခုလောက်ပဲ ဖွင့်ပြီး အောင်မြင်စွာတပ်ခေါက်ပြန်သွားကြပါတယ်။ (ဓါတ်ပုံ Thilawa SEZ)

ဝင်ငွေ ကောင်းကောင်းရနေတာကတော့ ရွှေ၊ ရတနာ ကမ်းလွန်ဓါတ်ငွေ့လုပ်ငန်းတို့ပဲဖြစ်ပါတယ်။ သယံဇာတရောင်းချမှုမှာတော့ ဓါတ်ငွေ ကန်ဒေါ်လာ သန်း ၃၇၀၀၊ ငါးလုပ်ငန်းများက တစ်နှစ် ကန်ဒေါ်လာ သန်း၂၀၀၀ခန့်၊ ပဲမျိုးစုံ ကန်ဒေါ်လာ ၁၅၀၀ခန့်၊ ကြေးနီ ကန်ဒေါ်လာ သန်း၁၀၀၀ခန့်၊ ကျောက်မြတ်ရတနာ ကန်ဒေါ်လာသန်း၁၀၀၀ အထက် (စာရင်းမရှိ)၊ အထည်ချုပ်လုပ်ငန်း ကန်ဒေါ်လာ သန်း၁၀၀၀ခန့်၊ သစ်လုပ်ငန်း (ယခု အလုံးလိုက်ထုတ်ခွင့်မရှိတော့)၊ စတဲ့လုပ်ငန်းများဖြစ်ပါတယ်။

ဝမ်းနည်းစရာကတော့ အဓိက စားသောကုန်နဲ့၊ လူသုံးကုန်ပစ္စည်း အသေးစား၊ အလတ်စား လုပ်ငန်းများ SME Small & Median ရပ်တည်ဖို့ အလွန်ခက်ခဲလာခြင်းဖြစ်ပါတယ်။ တရုပ်ပစ္စည်းများကို မယှဉ်နိုင်တဲ့အတွက်ပါ။ အစိုးရက ဒီအတွက် လက်တွေ့ကျကျ လုပ်ဖို့ နှေးကွေးနေပါတယ်။
၂၀၁၂ မှာ Dream GDP ပျက်ပြားသွားခြင်း
ကျနော် မြန်မာနိုင်ငံပြောင်းလဲကစ ၂၀၁၁အချိန် အရမ်းအံ့သြ၀မ်းသာခဲ့ပါတယ်။ ၂၀၁၁ မှာ ၅၁.၄ ဘီလျှံရှိပြီး၊ ၂၀၁၂ မှာ ၆၀ဘီလျံလောက် အနည်းဆုံးတက်မယ်မျှော်လင့်ခဲ့ ပါတယ်။ ၂၀၁၂မှာ ၅၄ ဘီလျံပဲရပါတယ်။ ဂျီဒီပီ တိုးတက်မှုကောင်းတဲ့အတွက် ဗီယက်နမ်ကို ၂၀၁၅မှာ မှီပြီး၊ မလေးရှားကို ၂၀၁၇၊ ထိုင်းနိုင်ငံကို ၂၀၂၀မှာ မှီမယ်လို့ သုံးချပ်တွက်နည်းပုံစံ မျှော်မှန်းခဲ့ပါတယ်။ မှန်းချက်နဲ့ နှမ်းချက်မကိုက်တော့ပါ။ ခြစားမှုထက်ဆိုးတဲ့ မြန်မာ့စရိုက်ဆိုးများကို သိပ်ထည့်မတွက်ခဲ့ပါဘူး။ စစ်အာဏာရှင်စရိုက်များစွာ ရှိတဲ့အနက်၊ စည်းကမ်းရှိတာတော့ ကောင်းပါတယ်။ သို့သော် ဗိုလ်ကျချင်တဲ့၊ စိတ်ဓါတ်ကြောင့် နိုင်ငံခြားကုမ္ပဏီများစွာ ရင်းနှီးမြှတ်နှံဖို့လာလေ့လာပြီး နောက်ပြန်ဆုတ်သွားကြပါတယ်။ တချို့ အကောင်းမြင်သူတွေကတော့ မြန်မာတွေ ကိုယ့်မြေမှဗိုလ်ကျတာလို့ မပြောပဲ၊ နိုင်ငံခြားသားများအခြေအနေကို သဘောမပေါက်ခြင်းလို့ ခေါ်ပါတယ်။ ပိုင်းခြေမညှိတတ်ခြင်းပါ။ အပိုင်းဂဏန်း၂ခုကို ပေါင်းမယ်ဆိုရင် ပိုင်းခြေညီအောင် အရင်ညှိရမယ်။ ပြည်တွင် အုပ်ချု့ပ်သူများနဲ့ ပြည်ပရင်းနှီးမြှတ်နှံသူ ၂ဦး ပိုင်းခြေညှိမရနိုင်သေးတော့ မြန်မာနိုင်ငံရဲ့ ဂျီဒီပီ ဟာ ၂၀၁၂မှာ ထင်သလို ဖြစ်မလာပါဘူး။ အဆိုးဆုံးကတော့ အိမ်မြေယာဈေးနှုန်းများ အရှေ့တောင်အာရှဈေးကွက်ထက် ၂ဆမကအောင်၊ ထိုးတက်သွားဖြင်းကို မြန်မာအစိုးရသစ်က မကာကွယ်လိုက်နိုင်ပါ။ အိမ်မြေအရောင်းဝယ်ကို၊ အခွန် ၃၅ရာနှုန်းကောက်ပြီး ထိန်းပေမဲ့၊ ခြစားတဲ့စနစ်ကြောင့် ဈေးမတရားတက်သွားတာကို မထိန်းနိုင်ဖြစ်ပြီး၊ အခုမှ ဈေးပျက်သွားပါတယ်။ ၂၀၁၂ ဂျီဒီပီက ၂၀၁၁ နဲ့ မတိမ်းမယိမ်းပဲ ရှိမှာဖြစ်တဲ့အတွက် ကျွန်ုပ်ခန့်မှန်းထားတဲ့ စိတ်ကူးယဉ် ဂျီဒီပီ ပျက်ပြားသွားပြီဖြစ်ပါတယ်။ သို့သော် သမ္မတဦးသိန်းစိန်မျှော်မှန်းတဲ့ ၂၀၁၅မှာ နိုင်ငံသားဝင်ငွေ ၂ဆတိုးတက်ဖို့ ကြိုးစားရပါမယ်။ ခေါင်းဆောင်ပိုင်းတွေမှာ လူတော်၊လူကောင်း အမျိုးသားစိတ်ရှိသူများ နေရာပိုပြီး ပေးရပါဦးမယ်။

၂၀၁၁ စိတ်ကူးယဉ် ဂျီဒီပီ၊ မြန်မာစီးပွားရေး၊ ခြစားမှု၊ အာဏာပြိုင်မှု အခက်ခဲများကြောင့် မဖြစ်နိုင်တော့ပါ။

ဝန်ဆောင်မှုလုပ်ငန်းများ
ဝင်ငွေ၊ အခွန်များစွာ ဥပမာ..မြေ၊အိမ်၊ကား၊စက်ပစ္စည်း အရောင်းအ၀ယ်စာချုပ်များက အခွန်ငွေများစွာရပါတယ်။ ပို့ဆောင်ရေးလုပ်ငန်းကလည်း ဆက်သွယ်ရေးလုပ်ငန်းလို အခွန်များစွာရပါတယ်။ ပို့ဆောင်ရေးစရိတ် သက်သာလာအောင် မော်တော်ကားများကို တင်သွင်းခွင့်ပေးလိုက်တဲ့ ၂၀၁၂ နှစ်ဟာ မြန်မာ့ကားဈေးကွက်ရဲ့ စပယ်ရှယ်နှစ်ဖြစ်ပါတယ်။ ဆလွန်းကားပိုင်ရှင်များ သူတို့ကားများ နေရင်းထိုင်ရင်း ဈေး၂ဆမက ပြုတ်ကျသွားပါတယ်။ ပါမစ်တွေ အလွယ်တကူထုတ်ပေးတော့ ကားဈေးတွေ ကျဆင်းပြီး၊ ဈေးမတည်မငြိမ်ဖြစ်နေပါတယ်။ ဆလွန်းကားဈေး ကျသွားပေမဲ့၊ ဓါတ်ဆီဈေးက စင်ကာပူနိုင်ငံဈေးနီးပါး ဖြစ်နေပါတယ်။ (စင်ကာပူသည် ကမ္ဘာပေါ်တွင် ဓါတ်ဆီဈေးအကြီးဆုံးနိုင်ငံဖြစ်သည်)။ ဒီတော့ ဓါတ်ငွေနဲ့မောင်းမှ ပို့ဆောင်စရိတ်သက်သာမှာမို့ အင်ဂျင်တွေကို ဓါတ်ငွေစနစ်ပြောင်းရပြန်တယ်။ ကုန်ကားကြီးများလည်း အရင်က တန်၂၀၊ ၃၀ တင်ပြီးမောင်းတော့ ကုန်စည်ပို့ဆောင်ရေးစရိတ် သိပ်မထောင်းလှပါ။ အခု အစိုးရက အာစီယံအဆင့်မီ ဆိုပြီး ကုန်ကားကြီးများကို ၁၀တန်ပဲ တင်ရမယ် စည်းကမ်းသတ်မှတ်လိုက်တော့ ကားကြီးသမားတွေလည်း၊ အမြက်မရ၊ လိုက်ဖမ်းတဲ့ ပို့ဆောင်ရေး ၀န်ထမ်းများကလည်း တစ်ဖုံ၊ နောက်ဆုံးတော့ ကူညီပါရစေ ဆိုင်းဘုတ်တတ်ထားတဲ့ ရဲဝန်ထမ်းတွေကိုပဲ၊ ခြစား၊လက်ကိုင်တုတ်ဆိုပြီး ၀ိုင်းဝန်းပြောဆိုနေကြတာကို တွေ့ရပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းဟာ မြန်မာနိုင်ငံ ဌာနဆိုင်ရာများအတွက် အထူးလုပ်ငန်းကြီးဖြစ်ပါတယ်။ လစာနည်းပါးလှတဲ့ အစိုရ၊ ဌာနဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများရဲ့ ခြစားမှုလျော့နည်းရေးအတွက် ကျနော်မစဉ်းစားနိုင်ပါဘူး။

ဥပမာ ..ပင်စင်ဌာန မြို့နယ်ဦးစီးမှုးအဖြစ် ကျနော့်ကို ခန့်ထားလိုက်ရင်၊ ပင်စင်ထုတ်ခ လူတစ်ယောက် ကျပ်၁သောင်း တောင်းနေတဲ့ ရှိရင်းစွဲ၊ မြို့နယ်ရုံက ၀န်ထမ်း လူ၂၀လောက်ကို ဘယ်လိုကိုင်တွယ်မလဲ။ ငွေပေးပြီး လုပ်ခိုင်းသူများကို ဖမ်းရမှာလာ။၊ ကိုယ့်လက်အောက်က ၀န်ထမ်းတစ်ဦး တစ်လ ကျပ်တစ်သိန်းလောက်ပဲ လစာရတာ၊ သူတို့ရဲ့ စားဝတ်နေရေး ဘယ်လိုဖြေရှင်းပေးမလဲ။ နေမြဲအတိုင်း ကိုယ့်အောက်က ၀န်ထမ်းတွေ ပေးတဲ့ဝေစုကိုပဲ ယူပြီး ငြိမ်နေရမလား… အများကြီးစဉ်းစားစရာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်လစာ တစ်သိန်းကျော်လေးနဲ့ ဘယ်လိုရပ်တည်မလဲဆိုတာလဲ တစ်ဒုက္ခပဲ။ လပ်လာဘ များများရတဲ့ ဥပမာ လ.၀.က မြို့နယ်ဦးစီးမှုး ရာထူးနဲ့ ရန်ကုန်မြို့နယ်တစ်ခု အလုပ်ရမယ်ဆိုရင်ကော၊ ကျနော်ဘယ်လို ကိုင်တွယ်မလဲ။ စားဝတ်နေရေးမပူပင်ရတော့တဲ့ ဦးစီးမှုးများဆိုတာ မရှိသလောက်ပါပဲ။

တွေးလေလေ ဦးနှောက်ချောက်လေလေပဲ။

ပါမစ်စနစ်
လုပ်ပိုင်ခွင့်ဆိုတဲ့ အခွင့်တစ်ခုကို ရရင်၊ ၀ိုင်းလုပ်ဝိုင်းစား၊ ချက်ချင်းလက်ငင်း အဆင်ပြေသွားတာမျိုး ဟိုး..အရင် စစ်အစိုးရဟောင်းလက်ထက်တုံးကတော့ ပေါ်ပင်၊ ဂွင်လုပ်ငန်းလို့ ခေါ်ပါတယ်။ အခုခေတ် ပါမစ်ရသွားသူများတော့ ပါမစ်ကို ရောင်းစား၊ အမြက်ထုတ်ပြီး ဘေးထိုင်နေတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ကိုယ်တိုင် လုပ်ရတဲ့ ပါမစ်စနစ်ကို ချီတက်နေပြီဖြစ်ပါတယ်။ ဟိုတယ်ဆောက်ခွင့် ပါမစ်ရရင် ကိုယ့်ကုမ္ပဏီကပဲ အရင်းနှီး (ချေးငွေ) ရရှိရေး၊ ပြည်ပဆက်သွယ်ရေး၊ အလုပ်သမားရရှိရေး၊ ဌာနဆိုင်ရာများနဲ့ဆက်ဆံရေး…စတဲ့အလုပ်များကို ဦးနှောက်ခြောက်အောင် လုပ်ရပါတယ်။ စာရွက်စာတမ်းကို လက်မှတ်ထိုးတဲ့ ဗဟိုဦးစီးစနစ်ဆိုတာလည်း ဖျောက်လိုမရတဲ့ စနစ်ဆိုးကြီးတစ်ခုပါ။ မြန်မာပိုင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီကြီးများ အားလုံးနီးပါး ဗဟိုဦးစီးစနစ် လက်မှတ်အများကြီးထိုးရတဲ့ စာရွက်စာတန်းလုပ်ငန်းကြီးကို အစိုးရဌာနဆိုင်ရာလုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေရဆဲဖြစ်ပါတယ်။

နိုင်ငံပိုင်စီးပွားလုပ်ငန်းများအတွက် ဖြေရှင်းနည်းတစ်ခုကို တင်ပြလိုပါတယ်။ (from Singapore)

မြန်မာနိုင်ငံပိုင်စီးပွားရေး
ယခုအချိန်ထိ မြန်မာနိုင်ငံတော်အစိုးရပိုင် စီးပွားရေးကော်ပိုရေးရှင်းများရဲ့၊ စီးပွားရေးလုပ်ငန်းများစွာ ရှိနေဆဲဖြစ်ပါတယ်။ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေး (ရေ၊လေ၊ကုန်းကြောင်း) လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်း ..စသဖြင့် လုပ်ငန်းများကို ဖက်စပ် (သို့မဟုတ်) ပုဂ္ဂလိက လုပ်ကိုင်ဖို့ ဖိတ်ခေါ်နေဆဲဖြစ်ပါတယ်။ အမြက်စွန်းရတဲ့ လုပ်ငန်းများကိုတော့ ဦးပိုင် (သို့မဟုတ်) မြန်မာ့သူဌေးကြီးများက ရယူသွားကြပါတယ်။ အမြတ်မရှိတဲ့ ခွက်ခွက်လန်ရှုံးနေတဲ့ ကော်ပိုရေးရှင်း၊စက်ရုံ၊လုပ်ငန်းများစွာ ကျန်နေပါတယ်။ အဲဒီ စက်ရုံများ မလည်ပတ်နိုင်တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ စက်ရုံအလုပ်သမားများက စက်ရုံကို သူတို့အားလုံး ဘုံပိုင်စက်ရုံလို သဘောထားပြီး စက်ရုံမှာပဲ နေထိုင်၊ ရေမီးတွေသုံးပြီး၊ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်စားသောက်နေကြပါတယ်။ ဥပမာ သကြားစက်ရုံက သကြားမထုတ်တော့ပဲ တွင်ခုံလုပ်ခြင်း၊ မော်တာပြုပြင်ခြင်း၊ ကားပြင်စက်ရုံ၊ စက်အပိုပစ္စည်းများရောင်းစားခြင်း…စတဲ့လုပ်ငန်းများအပြင်၊ စက်ရုံနယ်မြေထဲမှာပဲ အင်တာနက်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်များဖွင့်လစ် ဆိုင်ခန်းခတောင်းတဲ့ အလုပ်ကို စက်ရုံမှုးက လုပ်ရပါတယ်။ ရတဲ့ အမြက်ငွေကို ခွဲဝေစားသောက်နေရပါတယ်။ ဘာကြောင့် စက်ရုံများ မလည်ပတ်နိုင်ပဲ အရှုံးပေါ်နေရသလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကတော့ လူနဲ့စနစ် နှစ်မျိုးစလုံးကြောင့်ဖြစ်ပါတယ်။ လူက အဓိကပိုကျပါတယ်။

စင်ကာပူနိုင်ငံက အစိုးရစီးပွားရေးလုပ်ငန်းတစ်ခု (DBS ဘဏ်)
သတင်းစာဖြက်ပိုင်းက ကုလားတစ်ဦး၊ Mr. Gupta လစာငွေ စုစုပေါင်း ဒေါ်လာ ၉.၃သန်း ၂၀၁၂မှာ ရရှိသွားတယ် ဆိုတဲ့အကြောင်းပါ။ စင်ကာပူက ပုဂ္ဂလိကဘဏ် ၂ခုက အကြီးအကဲတွေလည်း မနှစ်က ၂၀၁၂ မှာ OCBC Chief $7.1 million, UOB Chief $6.5 million ရရှိကြောင်းကို ရေးထားပါတယ်။ DBS ဆိုတာ စင်ကာပူအစိုးရပိုင်တဲ့ ဘဏ်ကြီးဖြစ်ပါတယ်။ အစိုးရပိုင်ဖြစ်သော်လည်း နိုင်ငံခြားသားများကို လစာကောင်းကောင်းပေးပြီး၊ အမြက်ရအောင်လုပ်စေပါတယ်။ Mr. Gupta ဆိုရင် လစာအနေနဲ့ တစ်နှစ်ကို $1.2 million, Bonus 3.4 million, Share profit $4.6 million … စုစုပေါင်း $9.3 million ရရှိသွားပါတယ်။ တကယ်လို့ ဘဏ်စီးပွားရေး အရှုံးပေါ်ရင် Mr. Gupta အနေနဲ့ လစာငွေပဲ ရမယ်ဖြစ်ပါတယ်။ ဘဏ်စီးပွားရေးကောင်းရင် အမြက်ဘောနပ်စ်ငွေ၊ ဘဏ်စတော့ရှယ်ယာဈေးတက်လို့ ခံစားခွင်တွေ ရမယ်ဖြစ်ပါတယ်။ အခု DBS အစိုးရဘဏ်က ဒီနှစ်မှာ စံချိန်တင်အမြက်ငွေ 3.8 billion (3800 million profit) ရတဲ့အတွက် ဘဏ်အကြီးအကဲကို စာချုပ်အတိုင်း 8 million လောက် ပေးလိုက်နိုင်ပါတယ်။ နိုင်ငံတကာမှာ ကုမ္ပဏီ အမြက်ရရင် အလုပ်သမားကအစ၊ အကြီးအကဲအထိ လစာထက် ၃ဆကနေ၊ ၁၀ဆ အထိ ဘောနပ်စ်တွေ ပေးကြပါတယ်။ (Mr. Piyush Gupta ၅၁နှစ်၊ အိန္နိယနိုင်ငံ နယူးဒေလီမြို့ B.A University of Delhi နှင့် Post Graduate Diploma ရရှိခဲ့ပြီး၊ 2009 မှစတင်ပြီး၊ စင်ကာပူအစိုးရ DBS ဘဏ်တွင်အလုပ်လုပ်နေသူဖြစ်သည်။ ယခင်က မလေးရှားနိုင်ငံ Citibank တွင် အကြီးအကဲအဖြစ် လုပ်ခဲ့သည်။)

နိုင်ငံတော် အစိုးရဆိုတာ အခွန်ကောက်တတ်ဖို့ပဲလိုပါတယ်။ အခွန်ဥပဒေဆွဲတာ သိပ်မခက်ပါဘူး။ ပိုမိုကောင်းတဲ့ဥပဒေကို လုပ်ရင်း၊ကိုင်ရင်း ပြုပြင်နိုင်ပါတယ်။ ဒါပေမဲ့ အခွန်အမှန်ကန်၊ ရရှိဖို့ အခွန်ကောက်သူ လူသားဟာ အလွန်အရေးကြီးတဲ့ အဆင့်မှာရှိပါတယ်။ အခွန်ကောက်သူဟာ သင့်တော်တဲ့ ဘောနပ်၊အခကြေးကို ရရှိမှ ဖြစ်မယ်။ သို့မဟုတ်ရင် လူတွေရဲ့ ဥပဒေအပေါ်က နှုတ်မိန့်တွေနဲ့ လုပ်တဲ့အကျင့်ဆိုးကြီး သက်တမ်းရှည်နေရင်၊ တိုင်းပြည်ဝင်ငွေမရ၊ အခွန်ကောက်သူများ၊ အခွန်ရှောင်သူများရဲ့ အိတ်ထဲပဲ နိုင်ငံရဲ့ငွေတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ Tax System ကို အခွန်ဌာနက ဦးစီးတဲ့လုပ်ကိုင်တဲ့ လူသားကဏ္ဍဟာ အလွန်အရေးကြီးလှပါတယ်။

ဒီပုံစံအတိုင်း နိုင်ငံတကာ အစိုးရကော်ပိုရေးရှင်းတွေက နိုင်ငံခြားသား၊ ထိပ်သီးများကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဦးဆောင်စေပါတယ်။ လစာကိုတော့ သူတို့ တခြားကုမ္ပဏီများက ပေးတဲ့လစာအတိုင်း ပေးရပါတယ်။ ကမ္ဘာကျော် ဘော်လုံးအသင်း မန်နေဂျာများခန့်ထားတဲ့ ပုံစံဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အစိုးရပိုင် ကော်ပိုရေးရှင်းများကို နိုင်ငံခြားသားများကို ခန့်ထားကြည့်ပါ။ ဥပမာ သီလ၀ါသင်္ဘောကျင်းကို စင်ကာပူသင်္ဘောကျင်းတခုက အကြီးကဲတစ်ဦးကို စင်ကာပူမှာပေးတဲ့ လစာအတိုင်းပေးပြီး ခန့်ထားကြည့်ပါ။ သူ့ကို လုပ်ပိုင်ခွင့်အပြည့်နီးပါးပေးလိုက်ပါ။ သီလ၀ါသင်္ဘောကျင်း အမြက်သေချာပေါက်ထွက်မှာပါ။ စင်ကာပူက်သင်္ဘောကျင်း အကြီးကဲလုပ်နေသူ တစ်ဦး မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတစ်ခုကို အုပ်ချုပ်ခွင့်ပေးမဲ့ ကာလ ၂၀၁၅ ကျမှ ဖြစ်မှာလား။ အမြက်အစွန်းလိုချင်ရင် မြန်မာလုပ်ငန်း၊ ကော်ပိုရေးရှင်းကို နိုင်ငံခြားသားပဲ အုပ်ချုပ်ခိုင်းရမှာပါ။ ရှုံးနေတဲ့ လုပ်ငန်းများစွာကို လစာထိုက်သင့်သလောက်ပေးပြီး၊ အမြက်ရအောင် ကုန်ထုတ်လုပ်မှု ဘာကြောင့်မလုပ်နိုင်ရမလဲ။ အခုလည်း မြန်မာအလင်း သတင်းစာတိုက် အရှုံးချည်းပေါ်နေလို့ ဖက်စပ်လုပ်ဖို့ ဈေးခေါ်နေတယ်။ အကြီးကဲတစ်ယောက်ကိုခန့်လိုက်ရင်၊ အမြက်ထွက်လာပါလိမ့်မယ်။

နယ်စပ်အခွန်ကောက်ခြင်း
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ခုမှာ တရုပ်နယ်စပ်များက အများဆုံးအခွန်ငွေရတယ် ဆိုပါတယ်။ မှောင်ခိုကုန်သွယ်မှုများကို လိုက်လံဖမ်းဆီးတဲ့နောက်မှာ အခွန်ငွေပိုရခဲ့တယ် ဆိုပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အလုပ်တွေထဲမှာ သူခိုးတွေလိုက်ဖမ်း၊ပညာပေးနေရတာလည်း စိတ်ညစ်စရာပါ။ သေဒဏ်ပေးလဲမရ၊ ထောင်ချလဲမရ၊ မှောင်ခိုကုန်သွယ် ဖမ်ဆီးရေးအဖွဲ့များလည်း ဝေစုတော်တော်ရတယ်ဆိုပေမဲ့၊ တစ်နာရီ ကားအစီးရာနဲ့ချီဝင်ထွက်နေတဲ့ ကုန်ကားကြီးများကို အခွန်ကောက်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ နယ်စပ်အခွန်ကောက်နည်းကို တရုပ်-ဗီယက်နမ်နယ်စပ်အတွေ့ကြုံရှိတဲ့ ဗီယက်နမ်အခွန်ဦးစီးအရာရှိတစ်ဦးနဲ့ အဖွဲ့ကို လစာကောင်းကောင်းပေးလိုက်ရင် အခွန်ပိုရလာမလား။ လိုက်ဖမ်းတဲ့အဖွဲ့ကြောင့် ကုန်စည်အခွန်ငွေတွေ ပိုရလာပါတယ်။
၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြုပ်နှံမှု FDI ပမာဏ စံချိန်တင် မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၀ ဘီလျံနီးပါး ရှိခဲ့သော်လည်း ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံအထိ ကျဆင်းသွားခဲ့ကြောင်း မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပခဲ့တဲ့ Investment Myanmar Summit 2013 မှ သိရပါတယ်။

အောက်ပါဇယားအရ ၂၀၁၂ မှာ အခွန် ကန်ဒေါ်လာသန်းပေါင်း ၃၃၆၇ ရရှိခဲ့ပြီး၊ ၂၀၁၃မှာ ကန်ဒေါ်လာ ၃၆၂၉သန်း ရရှိတယ်ဆိုပါတယ်။

နိဂုံးချုပ်

အခွန်ကောက်ရငွေ% of GDP ကိုကြည့်ရင် ထိုင်းနိုင်ငံ ၁၅.၉%၊ မလေးရှား ၁၅.၅%၊ စင်ကာပူ ၁၄.၂%၊ ဗီယက်နမ် ၁၃.၈% တို့ဖြစ်ပါတယ်။ တိုးတက်တဲ့နိုင်ငံကြီးများမှာ GDP မြင့်မားပြီး အခွန်ကောက်ရငွေက ၄၀% အထက်ဖြစ်ပါတယ်။ မြန်မာပြည်အခွန်ကောက်ရငွေက ၄.၅% ပဲရှိတော့ ဘယ်လောက်အခွန်ကောက်ခက်ခဲနေသလဲ (ခြစားနေသလဲ) ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ အခွန်ကောက်နိုင်မှ တိုင်းပြည်လူထု တကယ်လိုအပ်တာတွေ လုပ်နိုင်ပြီး၊ ပြည်သူများ ဆင်းရဲမွဲတေမှုက သက်သာရနိုင်မယ်။ အနည်းဆုံး တရုပ်၊ထိုင်းတို့ရဲ့ စီးပွားကျွန်ဘ၀က လွတ်မြောက်လာမှာဖြစ်ပါတယ်။

တဟုန်ထိုး တိုးတက်နေတဲ့ တရုပ်၊ ကိုးရီးယားများထံမှလည်း စီးပွားရေးပညာရှင်၊ အတတ်ပညာရှင် နိုင်ငံခြားသားများကိုနေရာပေးခြင်း၊ နည်းနာယူလျှက်ရှိပါတယ်။ ဘာကြောင့် တရုပ်၊ ကိုးရီးယားလူမျိုး တတ်သိပညာရှင်များ ပြည်ပက တိုင်းပြည်ကိုပြန်လာကြသလဲဆိုတာလည်း လေ့လာနေဆဲဖြစ်ပါတယ်။ တကယ်ပဲ နိုင်ငံခြားသား (သို့မဟုတ်) ပြည်ပရောက် မြန်မာလူမျိုး တစ်ဦးကို ခန့်ထားဖို့ စဉ်းစားနေဆဲဖြစ်ပါတယ်။ အခွန်ကောက်တဲ့လုပ်ငန်းကို နိုင်ငံခြားက အခွန်ကောက် အကြီးအကဲတစ်ဦး လစာကောင်းကောင်းပေးပြီး ခန့်ထားလို့မရဘူးလား မေးရင် ရပါတယ်ဖြေရပါမယ်။ ဒါဆိုရင် အခွန်ကောက်လုပ်ငန်း အကြီးအကဲများဟာ၊ နိုင်ငံဝင်ငွေကို အထူးရှာဖွေပေးနေတဲ့ နိုင်ငံဝန်ထမ်းကောင်းလို့ သတ်မှတ်ရပါမယ်။

ဝန်ထမ်းဟောင်းတစ်ဦး
၃-ဧပြီလ-၂၀၁၃

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s