မြန်မာနိုင်ငံဘဏ်လောကနှင့် အခက်အခဲများ (၂၀၁၁)

၂၀၀၃ခုနှစ် ဘဏ်များလဲပြိုမှု
===================
၁၉၆၃ခုနှစ်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့ရာမှ ၁၉၉၂ခုနှစ်တွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ပါသည်။ ပုဂ္ဂလိကဘဏ် ၂၁ ဘဏ် ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၇ခုနှစ်တွင် Prime Commercial Bank ကို ငွေကြေးဆိုင်ရာ မလျော်မကန်ပြုမှုအတွက် ထိန်းချုပ်မှုပြုလုပ်ခဲ့သဖြင့် ပုဂ္ဂလိကဘဏ် ၂၀ဘဏ်သာ ကျန်ရှိသည်။

၂၀၀၀ခုနှစ်နောက်ပိုင်းတွင် ဘဏ်မဟုတ်သော ငွေရေးကြေးရေး လုပ်ငန်းတချို့ပေါ်ပေါက်ခဲ့သည်။ အကျိုးဆောင်ဟု အမည်တပ်ပြီး အများပြည်သူထံမှ ငွေစုငွေချေးပုံစံ အပ်နှံငွေလက်ခံလျက် အကျိုးအမြတ် ပြန်လည်ထုတ်ပေးသော လုပ်ငန်းများဖြစ်သည်။ အကျိုးဆောင်လုပ်ငန်းများသည် စုဆောင်းရရှိသည့် ငွေကြေးများကို စွန့်စားမှုများသလို အကျိုးအမြတ်လည်းများသည့် ရေတိုလုပ်ငန်းများနှင့် ဈေးနှုန်းတက်စ ပြုလာသော အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ အကျိုးဆောင်လုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာကြရာမှ အမြတ်ပြန်လည်ထုတ်ပေးခြင်းကို အမြင့်ဆုံး တစ်လလျှင် ၇%၊ တစ်နှစ်တွင် ၈၄% အထိ ပေးမည်ဟု ကတိပြုလျက် ငွေကြေးစုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၂ခုနှစ်နှောင်းပိုင်းတွင် ဈေးကွက်အတွင်း ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် အကျိုးဆောင်လုပ်ငန်းများတွင် ငွေကြပ်တည်းမှုဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်းတစ်ခုပြီးတစ်ခု ဖျက်သိမ်းခဲ့ကြသည်။ အများပြည်သူသို့ ငွေပြန်ပေးမှုမပြုလုပ်ဘဲ တစ်ဖက်သတ် ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် အများပြည်သူသည် ငွေရေးကြေးရေးလုပ်ငန်းများအပေါ် ယုံကြည်မှု ပျက်ယွင်းလာခဲ့သည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သုံးသပ်ချက်စာတမ်းတစ်စောင် ရေးသားခဲ့ပြီး အကျိုးဆောင်လုပ်ငန်းများ ပြိုလဲမှုသည် ဘဏ်လုပ်ငန်းများသို့ ကူးစက်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း ၀န်ကြီးဌာနမှ တဆင့် အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။ ၄င်းစာတမ်းသည် နိုင်ငံ၏ နံပါတ်၃ အဆင့်အထိသာ ရောက်ရှိခဲ့ပြီး အထက်သို့ ဆက်လက်တင်ပြရန် ငြင်းဆိုခံခဲ့ရသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခွင့် မရခဲ့ပါ။

၂၀၀၃ခုနှစ်တွင်ဘဏ်များ၌ ငွေအပ်နှံထားသူများအကြား ကောလဟာလဖြစ်ပေါ်ရာမှ အလုံးအရင်းဖြင့် ငွေပြန်ထုတ်ခြင်းများ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်လာခဲ့သည်။ ပုဂ္ဂလိကဘဏ်များမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အကူအညီတောင်းခံခဲ့သည်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူများကလည်း ၄င်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားခဲ့ကြသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အစိုးရငွေတိုက်စာချုပ်အပေါင်ခံခြင်း၊ မြေပိုင်ဆိုင်မှုအပေါင်ခံခြင်းများ ပြုလုပ်ခြင်းနည်းဖြင့် ဖြေရှင်းပေးခဲ့သည်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးဆောင်သည့် အဖွဲ့မှလည်း ဘဏ်များမှ ချေးငွေယူထားသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ နိုင်ငံတော်စီမံကိန်း ဆောင်ရွက်နေသူများကို ၄င်းလုပ်ငန်းအတွက် ကြိုတင်ငွေပေးချေမှုများ ပြုလုပ်ခဲ့ပြီး ဘဏ်များသို့ အကြွေးပြန်ဆပ်ရန် တိုက်တွန်းခဲ့သည်။ မဆပ်မနေရပုံစံမဟုတ်သဖြင့် ချက်ချင်းပေးဆပ်ခြင်းမပြုသူများ ရှိခဲ့သည်။

မြန်မာနိုင်ငံဘဏ်များအသင်းကလည်း အများပြည်သူသို့ ငွေထုတ်ပေးခြင်းကို အကန့်အသတ်ဖြင့် ထုတ်ပေးရန် ဆုံးဖြတ်ဆောင်ရွက်စေခဲ့သည်။ ယင်းအတွက် ဘဏ်များကို ယုံကြည်မှု ပိုမိုမဲ့လာခဲ့သည်။ ယင်းအချိန်တွင် အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အာရှဓနဘဏ် နှင့် မြန်မာမေဖလားဝါးဘဏ်များအား တရားမ၀င်ငွေကြေးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်မှုထွက်လာခဲ့ပြီး၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ၄င်းဘဏ်နှစ်ခုကို ဘဏ်လုပ်ငန်းဆက်လက်လုပ်ဆောင်ခြင်း မပြုစေဘဲ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။ ယင်းနောက် ၄င်းဘဏ်နှစ်ခုကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရုတ်သိမ်းခဲ့သည်။
၂၀၀၃ခုနှစ် ဘဏ်များအရေးအခင်းအပေါ်တွင် အမြင်နှစ်မျိုး ရှိခဲ့ပါသည်။ ပထမအမြင်မှာ ဘဏ်များသည် စည်းမျဉ်းစည်းကမ်းများကို အတိအကျ လိုက်နာမှုမရှိဘဲ သာမန်စီးပွားရေးလုပ်ငန်းများ ကဲ့သို့ အကျိုးအမြတ်ကိုသာ ကြည့်ပြီးဆောင်ရွက်ခဲ့ကြသဖြင့် ခိုင်မာမှုမရှိဘဲ ပြိုလဲခဲ့ရသည်ဆိုသော အမြင်ဖြစ်သည်။ ဒုတိယအမြင်မှာ သက်ဆိုင်ရာမှဖြေရှင်းမှုပုံစံအားနည်းခြင်း၊ ကြိုတင်ပြင်ဆင်မှုနည်းခြင်းနှင့် ဗဟိုဘဏ်၏ ဘဏ်များအားကျောထောက်နောက်ခံ ပေးမှုမရှိခြင်းတို့ကြောင့်သာ ဘဏ်များပြိုလဲခဲ့ရသည် ဆိုသော အမြင်ဖြစ်သည်။ အမှန်တကယ်မှာမူ နိုင်ငံအဆင့် (Macro Level) ကိုင်တွယ်ဖြေရှင်းဖူးသည့် အတွေ့အကြုံမရှိခြင်းနှင့် ဘဏ်များကို သာမန်လုပ်ငန်းများကဲ့သို့ ရှုမြင်ကိုင်တွယ်ခဲ့သဖြင့် ဘဏ်များ ပြိုလဲခဲ့ရခြင်းဖြစ်သည်။ ယင်းနောက်တွင် ဘဏ်လုပ်ငန်းများ ပုံမှန်အခြေအနေရောက်ရန် သုံးနှစ်အချိန်ယူ၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ရသည်။

၂၀၀၃ခုနှစ် ဘဏ်များပြိုလဲမှု၏ အကျိုးဆက်အဖြစ် ဘဏ်များအပေါ်တွင် တင်းကြပ်သော နေ့စဉ်စောင့်ကြည့်နည်းစနစ်ကို ဗဟိုဘဏ်မှ ကျင့်သုံးခဲ့သလို၊ ၀န်ဆောင်မှု တော်တော်များများကိုလည်း ဆက်လက် လုပ်ကိုင်ရန်ခွင့်မပြုတော့ဘဲ အပ်ငွေလက်ခံခြင်း၊ ခိုင်မာသည့် မြေပိုင်ဆိုင်မှုအပေါ်တွင် ငွေထုတ်ချေးစေခြင်းနှင့် ငွေလွှဲလုပ်ငန်းများကဲ့သို့ အခြေခံဘဏ်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရန် ညွှန်ကြားခဲ့သည်။ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ(၁၉၉၀)တွင် မည်သို့ပင် ဆိုထားစေကာမူ များစွာသော ညွှန်ကြားချက်များကို ဗဟိုဘဏ်က လွှမ်းမိုးထုတ်ပြန်ခဲ့ပြီး ဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ထိန်းချုပ်ခဲ့သည်။

၂၀၀၅ခုနှစ်တွင် မြန်မာယူနီဗာဆယ်ဘဏ်ကို တရားမ၀င်ငွေကြေးများနှင့် ပတ်သက်သည်ဟု ကြေငြာခဲ့ပြီး ဘဏ်လုပ်ငန်းလိုင်စင် ရုတ်သိမ်းခဲ့သဖြင့် ပုဂ္ဂလိကဘဏ် ၁၅ဘဏ်သာ ကျန်ရှိတော့သည်။

ဘဏ်သစ်လေးဘဏ်ပေါ်ပေါက်လာခြင်း
===========================
၂၀၁၀ခုနှစ်ဇွန်လတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ညွှန်ကြားချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို စီးပွားရေးလုပ်ငန်းရှင် လေးဦးအား ချထားပေးမည်ဖြစ်ကြောင်း ခေါ်ယူတွေ့ဆုံပြီး၊ ဘဏ်လုပ်ငန်းလိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်စေခဲ့သည်။ ဇူလိုင်လတွင် ဘဏ်လုပ်ငန်းလိုင်စင်များကို ပေးအပ်ခဲ့သည်။ သြဂုတ်လတွင် ပုဂ္ဂလိကဘဏ်သစ် လေးဘဏ်သည် နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ် ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခင်ဘဏ်များကို ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အခြေခံဘဏ်လုပ်ငန်းများကိုသာ ဘဏ်သစ်လေးဘဏ်ကို လုပ်ကိုင်စေခဲ့သည်။
အပြောင်းအလဲနှစ် ၂၀၁၁
၂၀၁၁ခုနှစ် ဧပြီလတွင် အစိုးရသစ် ပြောင်းလဲသွားသည်။ အသစ်တက်လာသော နိုင်ငံတော်အစိုးရသည် များစွာသော အပြောင်းအလဲများကို ချက်ချင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးကို အခြေခံသော အပြောင်းအလဲများကို ဖော်ဆောင်ရန် ကဏ္ဍပေါင်းစုံအတွက် အမိန့်ကြေငြာစာများ ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်များတွင် နိုင်ငံတော်အစိုးရအဖွဲ့၏ စေတနာကို မြင်ရသော်လည်း အကောင်အထည်ဖော်ပေးရသည့် ဌာနဆိုင်ရာများတွင် တချို့အသင့်မဖြစ်ခြင်း၊ တချို့တာဝန်မယူခြင်းနှင့် တချို့ဟန်ပြလုပ်ပြကြခြင်းများအကျင့်ပါနေခြင်းတို့ကြောင့် အစိုးရ၏ စေတနာကို ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်မှု မရှိသည်ကို တွေ့ရသည်။ မည်သို့ပင်ဆိုစေ ပြောင်းလဲခြင်းက အားလုံးအတွက် ပိုကောင်းလာစေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

၂၀၁၁ခုနှစ်စီးပွားရေး
===============
အစိုးရမပြောင်းမီကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးသည် အကျဘက်သို့ ဦးတည်နေသည်။ ၂၀၀၇ခုနှစ် သံဃာအရေးအခင်းနောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းများထိခိုက်လာခဲ့သလို၊ ၂၀၀၈ခုနှစ် နိုင်ငံတကာ ငွေကြေးအကျပ်အတည်းသည်လည်း မြန်မာနိုင်ငံသို့ သွယ်ဝိုက်သည့်နည်းဖြင့် ထိခိုက်စေခဲ့သည်။ နှစ်ရှည်လများ စီးပွားရေးပိတ်ဆို့ခံရမှုကလည်း နိုင်ငံ၏ စီးပွားရေးကို ကုစားရန် နည်းလမ်းမရှိဖြစ်စေခဲ့သည်။ ရင်းနှီးမြှုပ်နှံစရာ ဈေးကွက်များ ပျောက်ဆုံးလာခဲ့သလို နယ်စပ်ကုန်သွယ်မှုမှာလည်း နိုင်ငံရေးအခြေအနေအရ ယခင်ကထက် လျော့နည်းလာခဲ့သည်။ ဒေါ်လာငွေတန်ဖိုး ကျဆင်းလာချိန်တွင် မြန်မာငွေတန်ဖိုးကို အလိုက်သင့်လိုက်မချခဲ့သဖြင့် မြန်မာကျပ်ငွေမှာ ရှိသင့်သည်ထက် ပိုမို မာလာခဲ့သည်။ ဒေါ်လာနှင့် လဲလှယ်မှုတွင် မြန်မာကျပ်ငွေဈေးမာနေသော်လည်း မြန်မာကျပ်ငွေ၏ ပြည်တွင်းတန်ဖိုးမှာ တက်မလာသဖြင့် ကုန်ပစ္စည်း၊ လုပ်အားတို့နှင့် လဲလှယ်မှုနှုန်းမှာ တစ်စတစ်စ ပိုမိုကြီးမြင့်လာခဲ့သည်။ ယင်းအတွက် နိုင်ငံခြားပို့ကုန်များမှာ ပြည်တွင်းထုတ်လုပ်ခ မြင့်မားလာမှုနှင့် ၁၀% အခွန်ပေးဆောင်ရမှုများကြောင့် တွက်ချေကိုက်မှုမရှိဘဲ ပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်းရသည်အထိ တစ်စတစ်စ အခြေအနေဆိုးလာခဲ့သည်။ နေပြည်တော်တည်ဆောက်ခဲ့မှုကလည်း နိုင်ငံတော်ဘဏ္ဍာကိုများစွာ ကုန်ကျစေခဲ့သည်။

ဘဏ်လုပ်ငန်းများအပေါ်ဖြေလျှော့ခြင်း
==========================
၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပုဂ္ဂလိကဘဏ်များ အပေါ်တွင် တင်းကြပ်ထားသည်များကို ဖြေလျှော့မှုများ စတင်ပြုလုပ်လာခဲ့သည်။
(၁) ဘဏ်များသည် မတည်ရင်းနှီးငွေ (Paidup Capital) ၏ ၁၀ဆကိုသာ အပ်ငွေလက်ခံရမည် ဆိုခြင်းကို ရုတ်သိမ်းပေးခဲ့သည်။
(၂) ကုန်ပစ္စည်းလက်ရောက်ပေါင်(Pledge of Goods) အဖြစ် ဆန်၊ ပဲ၊ နှမ်း သုံးမျိုးကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(၃) ရွှေအပေါင်(Pledge of Gold) ကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(၄) အပ်ငွေစာရင်းလက်ကျန်ကိုအပေါင်ပြု၍ငွေချေးခြင်း(Lending against Lien on Balance of Deposit Account) ကို ပြန်လည်ခွင့်ပြုခဲ့သည်။
(၅) အငှားဝယ်စနစ် (Hire Purchase) ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပါသည်။
(၆) အလိုအလျှောက်ငွေထုတ်စက် (ATM) များကို ပြန်လည်စမ်းသပ်သုံးစွဲခွင့်ပြုခဲ့သည်။
(၇) ငွေစက္ကူအစား ပလတ်စတစ်ကတ်များအသုံးပြုနိုင်ရန် (Debit Card) စနစ်ကို စမ်းသပ်သုံးစွဲခွင့် ပြုခဲ့သည်။
(၈) ငွေပေးချေမှုအဖြစ် POS (Point of Sale) စနစ်ကိုလည်း စမ်းသပ်ခွင့်ပြုခဲ့သည်။
(၉) Internet Online မှတဆင့် ဘီလ်ပေးဆောင်ခြင်းများကို စတင်ခွင့်ပြုခဲ့သည်။
(၁၀) နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ(Money Changer)များ (၅၀)ခုခွင့်ပြုပေးခဲ့သည်။
(၁၁) နိုင်ငံခြားဘဏ်လုပ်ငန်း (Foreign Banking) လုပ်ကိုင်လိုသော ဘဏ်များကို တင်ပြလျှောက်ထားစေပြီး၊ ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်ကို လိုင်စင်ချပေးခဲ့သည်။
(၁၂) ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများမှ တရားဝင် ငွေလွှဲနိုင်ရန် ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်လိုသော ဘဏ် (၄)ဘဏ်သို့ ခွင့်ပြုချက်ချပေးခဲ့သည့်အပြင် အလုပ်သမားများ ပေးဆောင်ရမည့် အခွန်ငွေကိုလည်း ကင်းလွတ်ခွင့်ပြုပေးခဲ့သည်။
ယင်းကဲ့သို့ ဖြေလျှော့မှုများနှင့် ၀န်ဆောင်မှုလုပ်ငန်းအသစ်များ ခွင့်ပြုပေးခဲ့သဖြင့် ပုဂ္ဂလိကဘဏ်များအကြား လုပ်ငန်းများပိုမိုသွက်လာခဲ့ပါသည်။

ဘဏ်တိုးနှုန်းများလျှော့ချခြင်း
===================
ဘဏ်တိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စုငွေအပေါ်တွင် တစ်နှစ်လျှင် ၁၂%ပေးရန်၊ ချေးငွေအပေါ်တွင် တစ်နှစ်လျှင် ၁၇% ကောက်ခံရန် ညွှန်ကြားထားပါသည်။ အစိုးရငွေတိုက်စာချုပ်များမှာ နှစ်နှစ်စာချုပ်(၁၀.၅%)၊ သုံးနှစ်စာချုပ်(၁၁%)နှင့် ငါးနှစ်စာချုပ်(၁၁.၅%)စသဖြင့် သတ်မှတ်ထုတ်ပေးပါသည်။ အတိုးများကို သုံးလတစ်ကြိမ် ထုတ်ပေးခြင်း၊ ကောက်ခံခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားပါသည်။

၂၀၁၁ခုနှစ် စက်တင်ဘာလတွင် အတိုးနှုန်းများကို လျှော့ချကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေငြာပါသည်။ စုငွေအပေါ်ပေးသော အတိုးကို ၁၀% ထက် မနည်းစေရန်၊ ချေးငွေအပေါ်ကောက်ခံသော အတိုးကို ၁၅% ထက်မပိုစေရန်ဟူသော ပျော့ပြောင်းသည့် မူဝါဒဖြင့် ကြေငြာပါသော်လည်း ဘဏ်များအားလုံး ညှိနှိုင်းပြီး ၁၀%နှင့် ၁၅%သာ ထားကြရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။ အစိုးရငွေတိုက်စာချုပ်များ၏ အတိုးနှုန်းများကိုမူ ပြောင်းလဲခြင်းမရှိခဲ့ပါ။

၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် အတိုးနှုန်းများကို ထပ်မံလျှော့ချမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံဘဏ်များအသင်းအစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ရုတ်တရက်ထည့်သွင်းပြောဆိုခဲ့ပါသည်။ စုငွေအပေါ်တွင် တစ်နှစ်လျှင် ၈%ထက် မနည်းစေရန်၊ ချေးငွေအပေါ်တွင် ၁၃%ထက် မပိုစေရန်နှင့် အစိုးရငွေတိုက်စာချုပ်များကိုလည်း နှစ်နှစ်စာချုပ်(၈.၇၅%)၊ သုံးနှစ်စာချုပ်(၉%)နှင့်ငါးနှစ်စာချုပ်(၉.၅%)စသဖြင့် ပြောင်းလဲမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခင်ဝယ်ယူထားသော ငွေတိုက်စာချုပ်များကိုမူ မူလအတိုးနှုန်းအတိုင်း ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ခု၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးနေလျှင်၊ နိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းအတက်အကျရှိလာလျှင်နှင့် အိမ်နီးချင်းနိုင်ငံများ၏ ဘဏ်တိုးနှုန်းများထက် များပြားနေလျှင် ဗဟိုဘဏ်များသည် ဘဏ်တိုးနှုန်းများကို ယခုကဲ့သို့ အတိုးအလျှော့ ပြုလုပ်လေ့ရှိပါသည်။ သီဝရီအရ မှန်ကန်သော်လည်း နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံနိုင်သည့်ဈေးကွက်အနေအထားကိုလည်း ထည့်သွင်းတွက်ချက်ပြီးမှသာ ဘဏ်တိုးနှုန်းများကို အတိုးအလျှော့ ပြုလုပ်သင့်ပါသည်။

ယခုမြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုးတက်မှုမရှိဘဲ ကျဆင်းလျက်ရှိပါသည်။ ငွေဖောင်းပွနှုန်းမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွက်ချက်မှုအရ ၈%ခန့်ရှိသည်ဟု သိရှိရပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ ဗဟိုဘဏ်အတိုးနှုန်းများမှာ ၂%မှ ၁၂.၆၇%ခန့်အထိ ရှိကြောင်းတွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေးကစားရန် ဈေးကွက်အလွန်နည်းပါးပါသည်။ ကျပ်ငွေဈေးမာနေမှုကြောင့် ဒေါ်လာနှင့်လဲလှယ်ရာတွင် ကျပ်ငွေအနည်းငယ်သာရရှိပြီး၊ ပြည်တွင်းကုန်ကြမ်းများနှင့် လုပ်အားခများကို ပြန်လည်ပေးချေရာတွင်မူ ကျပ်ငွေမှာ တန်ဖိုးမရှိ ဖြစ်နေပြန်သဖြင့် ပြည်ပပို့ကုန်လုပ်ငန်းများသည် ရပ်တန့်လုနီးပါး ဖြစ်နေသည်။ ငွေဖောင်းပွမှုနှုန်း လျော့နည်းလာသည်ဆိုသော်လည်း ကုန်ဈေးနှုန်းများမှာ အကျမရှိဘဲ ဆက်တက်နေသည်။ မော်တော်ယာဉ်လိုင်စင်များ အသစ်ထုတ်ပေးသဖြင့် မူလကားများ၏ တန်ဖိုး ထက်ဝက်ကျော် ကျဆင်းသွားသည်။ မြေဈေးများမှာ အဆမတန်တက်နေပြီး၊ ဈေးမရှိသော မြေများမှာလည်း အရောင်းအ၀ယ် မရှိသလောက်ပင်ဖြစ်သည်။ ၁၉၉၅ခုနှစ်တွင် ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနှင့် ပူးပေါင်းတည်ထောင်ထားသော စတော့ရှယ်ယာဈေးကွက်မှာလည်း အများပိုင်ကုမ္ပဏီ မရှိသလောက် နည်းပါးခြင်း၊ နိုင်ငံတကာနှင့် မချိတ်ဆက်နိုင်ခြင်းတို့ကြောင့် လူအများကြား ရေပန်းမစားဘဲ နာမည်ခံဈေးကွက်သာ ဖြစ်နေသည်။ ယင်းအချက်များကြောင့် ဘဏ်တိုးချလိုက်သော်လည်း ဘဏ်မှ အပ်နှံငွေများကို ထုတ်ယူပြီး ပြင်ပတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းမှာ မရှိသလောက်ဖြစ်နေသည်။

ထို့ကြောင့် ပထမအကြိမ် ဘဏ်တိုးများ ချရာတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပါ။ ယင်းအတွက်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ဘဏ်များမှ ရရှိသော ကိန်းဂဏန်းများအရ အပ်ငွေများ များပြားနေပြီး၊ ချေးငွေများ နည်းပါးနေခြင်းကြောင့် ဘဏ်တိုးများကို ယခုကဲ့သို့ သုံးလအကြာတွင် ထပ်မံလျှော့ချရန် ဆုံးဖြတ်ကြေငြာခဲ့ခြင်း ဖြစ်သည်။ သို့သော် ပြည်တွင်းစီးပွားရေးအခြေအနေ ကောင်းမွန်မှုမရှိခြင်းကြောင့် ဘဏ်တိုးချလိုက်ခြင်းသည် ငွေအပ်နှံထားသူများအနေဖြင့် ဘဏ်မှ ငွေထုတ်ပြီး ရင်းနှီးမြှုပ်နှံစရာဈေးကွက်မရှိဖြစ်နေရာမှ ၄င်းတို့၏ စုဆောင်းငွေများသည် အဖတ်မတင်ဘဲ စားသောက်သုံးစွဲမှုများထဲတွင် ပါဝင်သွားပြီး စုဆောင်းငွေ ဆုံးရှုံးသွားခြင်းမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု ဘဏ်လုပ်ငန်းပညာရှင်များကသုံးသပ်ကြသည်။

လောင်စာဆီဈေးတက်လိုက်ခြင်း၊ လျှပ်စစ်မီတာခတက်ခြင်း၊ အမေရိကန်ဒေါ်လာဈေးကို မြင့်တက်ရန် ဆေးမီးတိုနည်းလမ်း မျိုးစုံဖြင့် ကြိုးစားနေခြင်းနှင့် ဌာနတချို့မှ ပွင့်လင်းမြင်သာမှုနှင့် အလွတ်သဘောပြောခြင်းကို မကွဲကြသဖြင့် မသေချာသော စီမံကိန်းများအကြောင်း ထုတ်ပြန်ပြောဆိုမှုများရှိခဲ့ပြီး မသေချာသောဈေးကွက်များတွင် အများပြည်သူတို့ အရောင်းအ၀ယ် မှားယွင်း လုပ်ကိုင်မိကြခြင်းများရှိနေခြင်းများကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ငွေဖောင်းပွမှုနှုန်းသည် (၈%)ထက်တိုးလာစေမည်ဟု တွက်ဆမှုများရှိပါသည်။ ယင်းအတွက် ငွေဖောင်းပွနှုန်းထက် ပိုနည်းသော ဘဏ်တိုးနှုန်း(၈%)သည် ဘဏ်များတွင် ငွေအပ်နှံထားသူများကို ငွေပြန်လည်ထုတ်စေမည်ဖြစ်သလို၊ အပ်ငွေနည်းပါးလာမှုကြောင့် ဘဏ်များမှ စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးနိုင်မှုမှာလည်း လျော့နည်းလာမည်ဖြစ်သည်။ ယင်းအကျိုးဆက်သည် တည်ဆောက်ဆဲ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်စိတ်တစ်ပိုင်း ထိခိုက်နိုင်လာသလို နိုင်ငံ၏ ငွေရေးကြေးရေးလောက တည်ငြိမ်မှုကိုလည်း အထိုက်အလျှောက် ထိပါးလာနိုင်ပါသည်။

ငွေစက္ကူရိုက်နှိပ်ခြင်း
=============
ငွေစက္ကူရိုက်နှိပ်ခြင်းကို မြန်မာနိုင်ငံသည် ကိုယ်ပိုင်စက်ဖြင့် ရိုက်နှိပ်ပါသည်။ ယခင်က Thomas De La Rue (နိုင်ငံပေါင်း ၁၅၀အတွက် ငွေစက္ကူရိုက်နှိပ်ပေးနေသော ကုမ္ပဏီ)တွင် ငွေစက္ကူများကို ရိုက်နှိပ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ်ခေတ်တွင် ပြည်ပအရင်းရှင်ကုမ္ပဏီတစ်ခုပေါ်တွင် နိုင်ငံ၏ ငွေစက္ကူများကို ရိုက်နှိပ်နေရခြင်းသည် စွန့်စားမှုရှိသည်ဟု ယူဆခဲ့ပြီး ကိုယ်ပိုင်စက်များ ၀ယ်ယူ၍ ပြည်တွင်းတွင် ရိုက်နှိပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းတွင် စက်များဝယ်ယူ၍ အသုံးပြုရသဖြင့် လုံခြုံရေးဆိုင်ရာ နောက်ဆုံးပေါ်စက်များကို ထပ်မံရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ခြင်း၊ ပြည်ပမှ စက္ကူတင်သွင်းရခြင်း၊ မှင်တင်သွင်းရခြင်း၊ စက်ပစ္စည်းအစိတ်အပိုင်းများတင်သွင်းရခြင်း စသော အခက်အခဲများ ရှိလာခဲ့ပါသည်။ စီးပွားရေးပိတ်ဆို့ခံရမှုနောက်တွင် ပိုမိုခက်ခဲခဲ့ပါသည်။ မြန်မာကျပ်ငွေမှာလည်း တန်ဖိုးမရှိသဖြင့် တစ်ရာကျပ်တန်ထုတ်လုပ်ခသည် တစ်ရာကျပ်မကဖြစ်လာခဲ့ပြီး ထပ်မံမထုတ်လုပ်နိုင်သဖြင့် ငွေအကြွေရှားပါးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၄င်းအပြင် ငွေစက္ကူရိုက်နှိပ်နေမှု ပမာဏကို ထင်သာမြင်သာ မထုတ်ပြန်ခြင်းကြောင့်လည်း ငွေရေးကြေးရေးဈေးကွက်တွင် ကောလဟာလတစ်ခုဖြစ်တိုင်း ကမောက်ကမဖြစ်မှုများနှင့် ငွေတန်ဖိုးကျမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

လက်တွေ့ဘဏ်လုပ်ငန်းများ
===================
ဖြေလျှော့မှုများပြုလုပ်ပေးခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ရှိနေပြီး ၄င်းအခက်အခဲများကို ဘဏ်များမှ တင်ပြသော်လည်း သက်ဆိုင်ရာမှ ကိုင်တွယ်ဖြေရှင်းပေးခြင်း မပြုနိုင်သေးကြောင်း တွေ့ရှိရသည်။ (၂၀၁၁)

(၁) ကုန်ပစ္စည်းလက်ရောက်ပေါင်(ဆန်၊ပဲ၊နှမ်း)
ကုန်ပစ္စည်းကို အပေါင်ထားပြီး ရရှိလာသည့်ငွေကြေးဖြင့် နောက်ထပ်တစ်ရာသီ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရည်ရွယ်သော်လည်း၊ ကုန်ပစ္စည်းရောင်းချလိုသောအချိန်တွင် ငွေအကြေဆပ်မှသာ ထုတ်ယူရောင်းချခွင့်ရှိသဖြင့် နောက်ထပ်တစ်ရာသီစာစိုက်ပျိုးထားသည်များကလည်း မထွက်သေး၊ ပစ္စည်းပြန်ရွေးယူရန် ငွေကြေးကလည်း မရှိသဖြင့် လက်တွေ့တွင် အသုံးပြုသူမရှိသလောက်ဖြစ်ပါသည်။

(၂) ATM များနှင့် Debit Card များအသုံးပြုခြင်း
ငွေစက္ကူရိုက်ထုတ်ရမှု သက်သာစေရန်နှင့် ငွေအကြွေရှားပါးမှုကို ဖြေရှင်းရန်အတွက် စတင်အသုံးပြုခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံတကာ ဘဏ်များတွင် ကျင့်သုံးသကဲ့သို့ မူလဖွင့်လှစ်ထားသော ငွေစုစာရင်းနှင့် ချိတ်ဆက်ခွင့်မပေးဘဲ သီးခြားငွေစာရင်းတစ်ခုထပ်ဖွင့်ရမည်ဟု ဗဟိုဘဏ်မှ ညွှန်ကြားခဲ့သည်။ ယင်းအတွက် အများပြည်သူသည် ကတ်အသုံးပြုရန် စာရင်းတစ်ခု၊ မိမိ၏ မူလစုငွေစာရင်းတစ်ခုဖြင့် စာရင်းနှစ်ခုဖွင့်လှစ်ရပါသည်။ ကတ်အသုံးပြုသည့်စရင်းကို အတိုးမပေးခိုင်းပါ။ အများပြည်သူအနေဖြင့် စုငွေအပေါ်အတိုးလည်းရပြီး၊ ၄င်းတို့၏ ငွေစုစာရင်းနှင့် တိုက်ရိုက်ချိတ်ဆက်ပေးပါက ယခုကတ်စနစ်ကို ပိုမိုနှစ်ခြိုက်စွာ အသုံးပြုကြမည်ဖြစ်ပါသည်။

(၃) ငွေစုစာရင်းမှတစ်ပတ်လျှင်တစ်ကြိမ်သာထုတ်ခွင့်ပြုခြင်း
ဘဏ်မတည်ငြိမ်မှုများဖြစ်ခဲ့ခြင်းသည် ငွေအပ်နှံထားသူများအား ငွေကို စိတ်ကြိုက်ပြန်လည် ထုတ်ယူခွင့်ပြုခဲ့သောကြောင့်ဖြစ်သည်ဟူသော ကောက်ချက်အရ ငွေစုစာရင်းမှ ငွေကို တစ်ပတ်လျှင် တစ်ကြိမ်သာ ထုတ်ပေးရန် ညွှန်ကြားထားပါသည်။ နိုင်ငံတကာတွင် မိမိ၏ ငွေစုစာရင်းမှ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါသည်။ ငွေအပ်နှံသူအနေဖြင့် တစ်ပတ်တွင် တစ်ကြိမ်ထက်မကသော ငွေထုတ်စရာအကြောင်းများ ရှိနိုင်ပါသည်။ ယင်းတစ်ပတ်တွင် တစ်ကြိမ် ကန့်သတ်ချက်ကြောင့် ငွေစုစာရင်းနှင့် Debit Card ကို ချိတ်ဆက်မရခြင်းလည်းဖြစ်ပါသည်။

(၄) Internet Banking များအပြည့်အ၀ခွင့်မပြုသေးခြင်း
အင်တာနက်ပေါ်မှ ဘီလ်ပေးဆောင်ခြင်းတစ်ခုကိုသာ ခွင့်ပြုထားပြီး၊ ငွေလက်ကျန်စစ်ဆေးခြင်း၊ ငွေလွှဲပြောင်းပေးခြင်း စသော Internet Banking လုပ်ငန်းများကိုလည်း လုပ်ကိုင်ခွင့်မပြုသေးပါ။ (၂၀၁၁)

(၅) ငွေလဲကောင်တာများနှင့်ငွေဈေးသတ်မှတ်ခြင်း
နေ့စဉ်ငွေဈေးနှုန်းကို သိမ်ဖြူလမ်းရှိဘဏ်(၆)ဘဏ်ပါဝင်သော အဖွဲ့မှ သတ်မှတ်ပါသည်။ ယင်းသို့သတ်မှတ်ရာတွင် နိုင်ငံတကာငွေကြေးဈေးကွက်အနေအထား၊ ကမ္ဘာ့ရွှေဈေး၊ ပြည်တွင်းကုန်သွယ်ရေးအခြေအနေနှင့် စီးပွားရေးသတင်းများပေါ်မူတည်ပြီး သတ်မှတ်ရမည် ဖြစ်သော်လည်း သိမ်ဖြူငွေလဲဌာနသည် ပထမနေ့က မှောင်ခိုငွေဈေး၏ အတက်အကျ အလားအလာကိုသာ ကြည့်ပြီး ဆုံးဖြတ်နေသဖြင့် စံဝင်သော စိတ်ချရသည့် ငွေဈေးနှုန်းကို မရရှိပါ။ ၄င်းငွေဈေးသည် ပြင်ပပေါက်ဈေးထက် အမြဲတမ်း ၅ကျပ်မှ ၂၀အထိ များတတ်ပါသည်။ တစ်ခါတရံ ပြင်ပ မှောင်ခိုဈေးနှုန်းက ပိုများသွားသည်များလည်း ရှိခဲ့ပါသည်။ ကောင်တာဖွင့်ထားသော ဘဏ်များအားလုံးသည် ၄င်းငွေဈေးကို ယခင်က အတိအကျလိုက်နာရသဖြင့် ပေါက်ဈေးထက်များသော နှုန်းထားဖြင့် ၀ယ်ယူရသလို ဖြစ်ခဲ့ပါသည်။ ယင်းအတွက် ဘဏ်များသည် ၄င်းတို့နစ်နာမှုမရှိစေရန် ငွေလာလဲသူများထံမှ မလိုအပ်သော စာရွက်စာတမ်းများတောင်းပြီး အလွယ်တကူလဲလှယ်၍ မရစေရန် ဆောင်ရွက်ကြပါသည်။ ယခုအခါ ကောင်တာများအား သိမ်ဖြူဈေးနှုန်းနှင့် ၀.၈% အတက်အကျပြုလုပ်၍ ၀ယ်ယူရောင်းချနိုင်ကြောင်း ဗဟိုဘဏ်မှ ညွှန်ကြားထားပါသည်။ နိုင်ငံတော်မှလည်း တရားဝင်ငွေလဲနှုန်းကို ဧပြီလ ၁ရက်နေ့မှ စတင်ပြီး ၈၀၀ ကျပ် သတ်မှတ်မည်ဟု ကြားသိရပါသည်။(၂၀၁၁)

(၆) နိုင်ငံခြားဘဏ်လုပ်ငန်း
နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့်ကို ဘဏ် ၁၁ ဘဏ်အား လိုင်စင်ထုတ်ပေးထားသော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံတကာဘဏ်များမှ ၄င်းဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ရန် ငြင်းဆိုကြပါသည်။ အီရန်နိုင်ငံနှင့် ငွေကြေးဆက်သွယ်မှုလုပ်ခဲ့သဖြင့် ၂၀၀၉ခုနှစ်က နိုင်ငံတကာဘဏ်တချို့သည် ဒဏ်ငွေသန်းပေါင်းများစွာ ပေးဆောင်ခဲ့ရဖူးပါသည်။ ယင်းအတွက် နိုင်ငံတကာဘဏ်များသည် မြန်မာနိုင်ငံမှ ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ဝံ့ခြင်း မရှိကြပါ။ ၄င်းအပြင် ပြည်တွင်းဘဏ်များကို လိုင်စင်သာပေးထားပြီး အများပြည်သူ၏ နိုင်ငံခြားငွေကို လက်ခံစာရင်းဖွင့်လှစ်ပေးခြင်းကို လုပ်ခွင့်မပြုခြင်းနှင့် TT/LC ကဲ့သို့သော ကုန်သွယ်မှုလုပ်ငန်းများ ပြုလုပ်ခွင့်မပေးခြင်းများ ရှိနေပါသေးသည်။ သို့ဖြစ်ပါ၍ လိုင်စင်ထုတ်ပေးထားသော်လည်း နိုင်ငံခြားဘဏ်လုပ်ငန်းများ ထင်သလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိပါ။ (၂၀၁၁)

(၇) နိုင်ငံတကာမှအလုပ်သမားများငွေလွှဲခြင်း
နိုင်ငံတကာမှ အလုပ်သမားများ မြန်မာနိုင်ငံသို့ငွေလွှဲရန် ဘဏ် ၄ ဘဏ်(ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်)ကို ခွင့်ပြုခဲ့ပါသည်။ ၄င်းဘဏ်များမှာ မြန်မာနိုင်ငံဘက်မှ တရားဝင်ခွင့်ပြုချက်ရသော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် တစ်ဖက်နိုင်ငံများတွင် တရားဝင်လိုင်စင်လျှောက်ထား၍ မရပါ။ ၄င်းနိုင်ငံမှ လိုင်စင်ရှိပြီးသားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင် ရပါသည်။ ၄င်းအပြင် ငွေလွှဲခြင်းမှာ ပြည်ပမှာ ပြည်တွင်းသို့ လွှဲသကဲ့သို့ ပြည်တွင်းကုမ္ပဏီများမှလည်း ပြည်ပသို့ ပစ္စည်းဝယ်ယူခြင်းအတွက် ငွေပြန်လွှဲခြင်းများရှိသဖြင့် အပြန်အလှန် (Inward/ Outward) ငွေလွှဲခြင်းကို ခွင့်ပြုသင့်ပါသည်။ ယခုအချိန်တွင် ပြည်ပမှ ပြည်တွင်းသို့ လွှဲခြင်းကိုသာ ခွင့်ပြုထားပါသေးသည်။

(၈) ချေးငွေအပေါ်ကန့်သတ်မှုများ
ချေးငွေထုတ်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုပါသည်။ လုပ်ငန်းလုပ်ကိုင်လိုသော လုပ်ငန်းရှင်များသည် ချေးငွေရယူလျက် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ကြပြီး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခွန်အခများရရှိခြင်းက မြင်သာသော အကျိုးအမြတ်များဖြစ်ပါသည်။ နိုင်ငံတကာတွင် အလားအလာရှိသော လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး ချေးငွေရယူနိုင်ပါသည်။ မြန်မာနိုင်ငံတွင်မူ မြေပိုင်ဆိုင်မှုရှိမှသာ ၄င်းမြေကို အာမခံပစ္စည်းအဖြစ်ထားပြီး ၄င်းမြေတန်ဖိုး၏ ၄၀%ကို ချေးငွေအဖြစ် ရယူနိုင်ပါသည်။ တိုက်ခန်းများ၊ ဆိုင်ခန်းများကို အာမခံပစ္စည်းအဖြစ် ထားခွင့်မရှိပါ။ ယင်းအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့ှ်နြ များ ပေါ်ပေါက်မှုနည်းပါးပြီး မူလချမ်းသာပြီးသူများကသာ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။
၎င်းအပြင် ချေးငွေကာလကိုလည်း တစ်နှစ်သာ ခွင့်ပြုပါသည်။ လုပ်ငန်းတစ်ခုအနေဖြင့် ချေးငွေကို တစ်နှစ်အတွင်း ပြန်ဆပ်နိုင်မှု နည်းပါသည်။ နှစ်ရှည်ချေးနိုင်ကြောင်း၊ အာမခံပစ္စည်းမဲ့ချေးပေးနိုင်ကြောင်း ဥပဒေတွင်ပါဝင်သော်လည်း ဗဟိုဘဏ်မှ သီးခြားညွှန်ကြားချက်ဖြင့် တားမြစ်ထားပါသည်။

(၉) ကွန်ဒိုမီနီယံဥပဒေမရှိခြင်း
ကွန်ဒိုမီနီယံဥပဒေမရှိသဖြင့် တိုက်ခန်းဝယ်ယူထားသူများသည် ၄င်းတို့၏ တိုက်ခန်းကို ပိုင်ဆိုင်ခွင့်မရှိကြပါ။ တစ်စုံတစ်ရာ ပြိုကျမှုဖြစ်ခဲ့လျှင် မူလမြေပိုင်ဆိုင်သူကသာ မြေပြန်ရမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် တိုက်ခန်းများ၊ ဆိုင်ခန်းများကို ဘဏ်တွင်အာမခံပစ္စည်းအဖြစ် အသုံးပြု၍ မရခြင်းဖြစ်ပါသည်။

(၁၀) ချက်လက်မှတ်သုံးစွဲမှုနည်းပါးခြင်း
ချက်လက်မှတ်အပေါ် ယုံကြည်မှုနည်းပါးသဖြင့် အသုံးမပြုကြပါ။ ယင်းအတွက် ငွေသားဖြင့် ပေးချေမှုများ အများအပြားပြုလုပ်နေကြရပါသည်။ မိမိငွေစာရင်းတွင် ငွေမရှိဘဲ ချက်လက်မှတ်ရေးပေးပါက အရေးယူနိုင်သော ခိုင်မာသည့် ဥပဒေတစ်ရပ်ရှိလျှင် ချက်လက်မှတ်၏ အာမခံနိုင်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ ချက်လက်မှတ်အသုံးများလာလျှင် ကုန်သွယ်မှုလည်း ပိုမိုသွက်လက်လာမည်ဖြစ်သည်။

(၁၁) ဘဏ်ခွဲဖွင့်လှစ်ခြင်းကိုကန့်သတ်ခြင်း
ဘဏ်ခွဲဖွင့်လှစ်ခြင်းအတွက် အကန့်အသတ်များစွာ ရှိပါသည်။ ငှားဖွင့်သော အဆောက်အဦမဖြစ်ရ။ ၀ယ်ယူဖွင့်လှစ်ရသည်။ ယင်းအတွက် နောင်ကို နေရာပြောင်းရွှေ့လိုလျှင် အခက်အခဲဖြစ်ပါသည်။ တိုက်ခန်းတွင်မဖွင့်လှစ်ရ။ ယင်းအတွက် လူစည်ကားသော ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ရန် ခက်ခဲပါသည်။ လူစည်ကားသော Shopping Center များတွင် မဖွင့်ရ။ ယင်းအတွက် ဘဏ်နှင့် ဆက်သွယ်လိုသူများသည် သီးခြားအချိန်ပေးပြီး ဘဏ်သို့လာရပါသည်။ တစ်နှစ်လျှင် ၁၀ဘဏ်ထက် ပိုမဖွင့်ရ။ ရန်ကုန်နှင့် မန္တလေးတွင် တစ်နှစ်လျှင် ၂ဘဏ်ထက် ပိုမဖွင့်ရ။ စသော ကန့်သတ်ချက်များသည် ၂၀၁၀ခုနှစ်တွင်မှ ထုတ်ပြန်ခဲ့သော ကန့်သတ်ချက်များဖြစ်ပါသည်။
ဘဏ်ခွဲများများဖွင့်လှစ်နိုင်လျှင် ဘဏ်အသုံးပြုသူများပိုမိုအဆင်ပြေပါမည်။ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်လာပါမည်။ ဘဏ်သို့သွားလာရသော စရိတ်စကသက်သာခြင်းကလည်း စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ပေးပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခြင်းကို ကန့်သတ်ထားပြီး ဘဏ်လုပ်ငန်းလိုင်စင်များကိုမူ အများအပြားထုတ်ပေးခဲ့ပါသည်။ ဆက်လက်၍ ဘဏ်လုပ်ငန်းလိုင်စင်များ ထပ်မံထုတ်ပေးရန်လည်း စီစဉ်နေပါသည်။
ထိုင်းနိုင်ငံတွင် ပြည်တွင်း ဘဏ် ၁၇ ဘဏ်ရှိပါသည်။ စင်္ကာပူနိုင်ငံတွင် ပြည်တွင်းဘဏ် ၆ ဘဏ်သာ ရှိပါသည်။ ဘဏ်ခွဲပေါင်း ထောင်နှင့်သောင်းနှင့်ချီပြီး ရှိကြပါသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး၊ ဘဏ်ခွဲ ၂၀၀ သာရှိပါသည်။ ဘဏ်ခွဲများကို ယခုထက်ပိုပြီး လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ပြုသင့်ပါသည်။ (၂၀၁၁)

(၁၂) နိုင်ငံတကာဘဏ်များဖွင့်လှစ်ခွင့်ပြုရန်ပြင်ဆင်ခြင်း
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာဘဏ်များကို ကိုယ်စားလှယ်ရုံးအဖြစ်သာ ဖွင့်လှစ်ခွင့်ပြုပါသည်။ ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခွင့်မပြုပါ။ မကြာမီဖွင့်လှစ်ခွင့်ပြုရန် ဗဟိုဘဏ်မှ ပြင်ဆင်နေပါသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံမှ BIDV ဘဏ်နှင့် တရုတ်နိုင်ငံမှ ICBC ဘဏ်များသည် ကိုယ်စားလှယ်ရုံးအဆင့်မှ ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရန် ၄င်းတို့၏ အစိုးရများမှတဆင့် မြန်မာနိုင်ငံအစိုးရကို မပြတ်တောင်းဆိုမှုများ ပြုလုပ်နေကြပါသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများအခြေအနေမှာ ပြည်တွင်းတွင် အကြီးဆုံးဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည်ပင်လျှင် ထိုင်းနိုင်ငံ၏ အငယ်ဆုံးဘဏ်အဆင့်သာရှိသည်ကို တွေ့ရှိရပါသည်။ ယင်းအတွက် နိုင်ငံတကာဘဏ်များကို ချက်ချင်းဖွင့်လှစ်ခွင့်ပေးလိုက်လျှင် ပြည်တွင်းဘဏ်လုပ်ငန်းများကို ထိခိုက်စေမည်ဖြစ်ပါသည်။ ခွင့်ပြုလိုလျှင် ပြည်တွင်းဘဏ်များနှင့် ဖက်စပ်လုပ်စေသော စနစ်ကို စတင်ခွင့်ပြုသင့်ပါသည်။ (၂၀၁၁)

နိဂုံးချုပ်
======
နိုင်ငံတစ်ခုအတွက် ငွေရေးကြေးရေးကဏ္ဍသည် အထူးပင် အရေးကြီးလှပါသည်။ စည်းကမ်းတကျဖြစ်ရပါမည်။ တိကျပြီး အခြေအနေအချိန်အခါအရ ပြုလွယ်ပြင်လွယ်သော ဥပဒေရှိရပါမည်။ နိုင်ငံတကာ စံနှုန်းများကို အမြဲမပြတ်လေ့လာနေရပါမည်။ ပြည်တွင်း ကုန်သွယ်မှုအနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၊ ကုန်သွယ်ဖက်နိုင်ငံများ၏ အခြေအနေကို မပြတ်စောင့်ကြည့်လေ့လာနေပြီး လိုအပ်သော ချိန်ညှိမှုများကို အချိန်နှင့်တပြေးညီ ပြုလုပ်ပေးနိုင်ရပါမည်။ နိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒ၊ နိုင်ငံ၏ ငွေရေးကြေးရေးမူဝါဒများသည် လက်တွေ့ကျရပါမည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် နားလည်တတ်ကျွမ်းသော ပညာရှင်အဖွဲ့ရှိရပါမည်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် မပြတ်တိုင်ပင်ဆွေးနွေးနေခြင်းများ ရှိရပါမည်။ပြည်တွင်းအခြေအနေတစ်ခုတည်းကို တွက်ဆပြီး အမိန့်များနှင့် ညွှန်ကြားချက်များကို မထုတ်ပြန်သင့်ပါ။
အမျိုးသားအကျိုးစီးပွား (National Interest) ကို အခြေခံသော ငွေရေးကြေးရေး မူဝါဒကို ကိုင်ဆွဲထားရပါမည်။ ၄င်းအပြင် ငွေရေးကြေးရေးလောကအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သော ဘဏ်လုပ်ငန်းများနှင့် အခြားငွေရေးကြေးရေးလုပ်ငန်းများကို မပြတ်စောင့်ကြည့်ခြင်း၊ တိကျစွာအရေးယူခြင်း၊ ခိုင်မာစွာအထောက်အပံ့ပေးခြင်းတို့ကို နိုင်ငံအဆင့် စဉ်းစားစီမံတတ်ရန်လိုပါသည်။
ပြောင်းလဲခြင်းသည် မပြောင်းလဲခြင်းထက် များစွာ ကောင်းသည်ဟု ဆိုသော်လည်း ငွေရေးကြေးရေးကဏ္ဍတွင်မူ မှန်ကန်သောပြောင်းလဲခြင်းမဟုတ်ပါက နိုင်ငံနှင့်ချီသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မူဝါဒချမှတ်ပြောင်းလဲလိုသူများသည် ဘက်စုံထောင့်စုံမှ ပညာရှင်များ၊ အတွေ့အကြုံရှိသူများကို တိုင်ပင်ဆောင်ရွက်ပြီးမှသာ လိုအပ်သော ပြောင်းလဲမှုများကို သတိကြီးစွာထား၍ ဆောင်ရွက်သင့်သည်ဟု ယူဆမိပါသည်။ နိုင်ငံ၏ ငွေရေးကြေးရေးသည် အခြားသော ကဏ္ဍများကို ကဏ္ဍအလိုက် မိမိတို့ဆိုင်ရာရည်မှန်းချက်များကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ရှိ ပြီးမြောက်စေရန် အဓိက အထောက်အပံ့ဖြစ်သဖြင့် အထူးပင် အလေးထားဂရုပြုသင့်ပါသည်။

One thought on “မြန်မာနိုင်ငံဘဏ်လောကနှင့် အခက်အခဲများ (၂၀၁၁)

  1. kyauk sainee

    လမ်းထိပ်ကိုမသွားရဲဘူးအမေဆိုင်ကယ်တွေဖမ်းနေတယ်

    Like

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s