Category Archives: U Aung Thaung

ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ဒုတိယပိုင်း)

u-aung-thaung

လှိုင်ရတနာမွန်အိမ်ရာ

ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံဖြစ်တဲ့ စက်မှု (၁) ဝန်ကြီးအောင်သောင်းဟာ ပြည်သူ ဘဏ္ဍာငွေတွေနဲ့ မသထာရေစာ စားပြီး ဆောက်လုပ်နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့အိမ်ကို လှမ်းမြင် ရပါတယ်။

လှိုင်ရတနာမွန်အိမ်ရာရဲ့ ထိပ်ဆုံးထောင့်က ခြံပါ။ လှိုင်ရတနာမွန်အိမ်ရာ ဧရိယာရဲ့ တဝက်ကျော် လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့တဘက်ခြမ်း မှာတော့ ယခင် ဘိန်းဘုရင်ဟောင်း ခွန်ဆာရဲ့အိမ် ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့၊ ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့၊ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတံခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်။

ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင် ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာ ချည်းပဲ ပေ ၃၀ ရှိပါတယ်။ ကားတွေချည်းပဲ ၁၀ စီးကျော် ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင် ရိုက်ဖို့အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ဘေးမှာတော့ ဦးအောင်သောင်းမိန်းမ ဒေါ်ခင်ရီရဲ့သစ်ခွခြံ ရှိပါတယ်။ ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြားသစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ် ထားပါတယ်။ ဂေါက်ကွင်းရဲ့ဘေးမှာတော့ တင်းနစ်ကွင်း တကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ချင်း ညာဘက်အခြမ်း မြင်ကွင်းပါ။

ခြံရဲ့ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့အိမ် ဆောက်ထားပါတယ်။ ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင် ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်။ အမြင့်က ပေ ၂၀ ကျော်လောက် ရှိပါတယ်တဲ့။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီ အပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည့်တည့်မှာ စိန်ပန်းပင် သုံးပင် ရှိပါတယ်။

အိမ်ရှေ့ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေးရှိပြီး အဲ့ဒီရေကန်ထဲမှာ ဗျိုင်းရုပ်လေး တွေ ရှိပါတယ်။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေး လုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ ရေကူးကန်တခု ရှိပါတယ်။

ဦးအောင်သောင်းဟာ ပါဏာတိပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်။ ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးရဲ့ သမီး နန္ဒာအေးနဲ့ လက်ထပ်ထိမ်းမြားပေးထားပါတယ်။

ဦးအောင်သောင်းရဲ့သားတွေထဲက တယောက်က မသထာရေစာရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူ့ရဲ့ရေကူး ကန်မှာ ရေကူးလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေနေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တခါတလေမှ ပြန်လာပါတယ်။

သူ ဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက်ကိုလည်း အထူးအလေးထား ပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့။ မေးလ်နဲ့ လုပ်ငန်းရှင်တယောက်က ပို့လာလို့ ဖြည့်စွက် လိုက်ပါတယ်။)

ဦးအောင်သောင်းရဲ့အိမ်ကို ဝင်သွားတဲ့အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်။ အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခန်းကျယ်ကြီးကို စတွေ့ရပါတယ်။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ။ ဧည့်ခန်းကျယ်ကြီးရဲ့ဘယ်ဘက်မှာ သူ့သမီး တီးဖို့ စန္ဒရားအကြီးကြီးတလုံး ရှိပါတယ်။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီးတခုရှိပြီး အဲ့ဒီလှေကားရဲ့ အကျယ်အဝန်းက ၇ ပေလောက် ကျယ်ပါတယ်။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း ၂၂ ထစ်ရှိပါတယ်။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ်တခုရဲ့ အမြင့်က လက်တထွာလောက် ရှိပါတယ်။ အဲ့ဒီက တက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ ကျည်းဘောင်ခွေထားတဲ့၊ အပြင်က အလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်။

လှေကားတက်သွားပြီးရင် လှေကားရဲ့အဆုံးမှာတော့ အခန်းကျယ်ကြီးတခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်။ သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တခန်းချင်းစီ သပ်သပ်လုပ်ပေးထားပါတယ်။ ဘုရားခန်းက တခုရှိပြီး အခန်းရဲ့ တဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့အခါ ရုပ်ရှင်ပိတ်ကားတခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတခုရှိပါတယ်။

ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန် အသက်ဝင်လှုပ်ရှားနေပါတယ်။ တန်ဘိုးအင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ။

ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက်ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ချည်းပဲ အလှဆင်ထားပါတယ်။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့ နံရံရဲ့အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်းပေါ့။ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ။

သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန် တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့အကျယ်အဝန်းက ရှေ့နောက် ပေ ၄၀၊ အကျယ် ပေ ၂၀ လောက် ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင်ရှိပြီး ကုတင်ရဲ့ခြေရင်းမှာ ကျွန်းဘီရိုတလုံး ရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုးဘီရိုပေါ့။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီး ဝင်သွားခဲ့ရင် မြေအောက်ခန်းကို ဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီး ဝင်သွားလို့ ရပါတယ်။

နောက် ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်း ရှိပါတယ်။ ရေချိုးခန်းက ရေပူရေအေးစနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့၊ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေအားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ။

ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ့။ အစေခံတန်းလျားကတော့ သူ့သမီး တီးတဲ့ စန္ဒရားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင်ထဲမှာ Micro Wave Oven၊ ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တအိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ၊ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လှမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်က သူ့အိမ်ပါပဲ။ လှိုင်ရတနာမွန်အိမ်ရာထိပ်က ခြံပေါ့။

ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ့ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ်နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတလုံးကို ချိတ်ဆွဲထားပါတယ်။

ပြည်ပရေဒီယိုမှ ကောက်နှုတ်ချက်များ

နေပြည်တော် ဥတ္တရသီရိရပ်ကွက်မှာ မကြာခင်က အိမ်တက်မင်္ဂလာလုပ်ခဲ့တဲ့ ဧရာမ အိမ်ကြီး ဟာလည်း ဦးအောင်သောင်းရဲ့ ကိုယ်ပိုင်အိမ် ဖြစ်ပါတယ်။ မေမြို့ ကန်တော်ကြီး ဥယျာဉ်နားက ဝန်ကြီးရပ်ကွက်မှာ အိမ်ကြီးတလုံး ဦးအောင်သောင်း ပိုင်ထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အိမ်နဲ့ ကပ်ရက်ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပုပ္ပားတောင်ကလပ် International ဟော်တယ် အောက်ချိုင့်ထဲမှာလည်း ဝန်ကြီးဦးအောင်သောင်း အနားယူဖို့အတွက် အိမ်တလုံး ဆောက်ထားပါတယ်။ ကားဂိုဒေါင်တွေ၊ ဒရိုင်ဘာ နားနေခန်းတွေပါ အစုံဆောက်ထားတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ခြံမြေပိုင်ဆိုင်မှုအပိုင်းနဲ့ကြည့်ရင် ရန်ကုန် ပုလဲမြို့သစ် ရွှေနံ့သာ၊ ငွေနံ့သာရပ်ကွက်မှာ ဝန်ကြီး တွေအတွက် အိမ်ရာမြေကွက်တွေ ပေးထားပါတယ်။ တဦးကို ပေ ၂၅ဝ ပတ်လည်ရှိတဲ့ ၁.၆ ဧကရှိတဲ့ မြေကွက်တွေ ပေးထားတာပါ။ ထုံးစံအတိုင်းပါပဲ၊ ဝန်ကြီးဦးအောင်သောင်းရဲ့ ခြံက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခြံနဲ့ ကပ်ရက်ဖြစ်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

ဝန်ကြီး ဦးအောင်သောင်း ပိုင်တဲ့ ဒီခြံထဲမှာ ဆေးသစ်ခွပင်တွေ စိုက်ထားတယ်လို့ သိရပါတယ်။ ဒီဆေးသစ်ခွ အရိုးတံကိုင်းကို အခြောက်လုပ်ပြီး နိုင်ငံခြားပို့ရင် တတန်ကို ဒေါ်လာ လေးထောင် ကျော်ထိ ဈေးရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဆေးသစ်ခွစိုက်ရင် သစ်တောအခွန်လည်း လွတ်တာမို့ ဆေးသစ်ခွတွေကို ဦးစားပေးပြီး ဦးအောင်သောင်း စိုက်ထားသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စက်ရုံပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် မှော်ဘီမြို့ စိန်ရတနာသစ်ကုမ္ပဏီဘေးမှာရှိတဲ့ Star Flower တစ်ရှူးစက်ရုံဟာ ဝန်ကြီးဦးအောင်သောင်းရဲ့ မိသားစုပိုင် စက်ရုံဖြစ်ပါတယ်။ သာပေါင်း ပျော့ဖတ် စက်ရုံ တည်ဆောက်ခွင့်ရတဲ့ တရုတ်ကုမ္ပဏီကနေ ဝန်ကြီးဦးအောင်သောင်းကို လက်ဆောင်ပေးခဲ့တဲ့ စက်ပစ္စည်းတွေနဲ့ ဆောက်ထားတာဖြစ်တယ်။

အလားတူ စက်ရုံတခုကို ဝန်ကြီးဦးအောင်သောင်းရဲ့ မိသားစုနာမည်နဲ့ စစ်တောင်းစက်ရုံနားမှာ ရှိပါတယ်။ ဒီစက်ရုံကို စက်မှု (၁) ဝန်ထမ်းတွေက ဆောက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်က ပေးတဲ့ စက်နဲ့ပဲ ရန်ကုန်မှာလည်း အလားတူ တစ်ရှူးစက်ရုံတရုံ ပိုင်တယ်လို့ သိရပါတယ်။ ဒီစက်ရုံကိုလည်း ပြင်ထိန်းခေါ်တဲ့ စက်မှု (၁) အဖွဲ့က ဆောက်ပေးခဲ့ရတာပါ။ စစ်တောင်းမှာ ဗလာစာအုပ် စက်ရုံတခုကိုလည်း ဦးအောင်သောင်း ပိုင်တယ်လို့ လက်ထောက်အရာရှိတွေက ပြောပါတယ်။ ပုလဲမြို့မှာလည်း သစ်ခွဥပေါင်းတဲ့ စက်ရုံတခုကို ဝန်ကြီးဦးအောင်သောင်း ပိုင်ပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ပန်းတောင်းမှာလည်း ဧကတရာခန့်ရှိတဲ့ ဇီးတော်သီးခြံကို ပိုင်သလို ပလိပ်မှာလည်း စိန်တလုံးသရက်ခြံ ပိုင်ပါတယ်။ လှည်းကူး ရဲမွန်တပ်မြို့အနီးမှာ ဝန်ကြီး ဦးအောင်သောင်း စိတ်အပန်းဖြေဖို့၊ ကျေးငှက်တွေ အစာကျွေးဖို့ ဆိုပြီး ဧကပေါင်းများစွာရှိတဲ့ ကိုယ်ပိုင် အပန်းဖြေ ဥယျာဉ်ကြီးတခု ပိုင်ပါသေးတယ်။ ဒီခြံတွေ အများစုကို ဝန်ကြီးဦးအောင်သောင်း လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေ စက်ရုံမှူးတွေက ဦးအောင်သောင်းကို လာဘ်ထိုးခဲ့တာ များတယ်လို့ စက်မှု (၁) ဝန်ကြီးဌာနမှာ လူသိများပါတယ်။

ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးရှင် စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းရဲ့ ရေးသားချက်အရဆိုရင် ဝန်ကြီး ဦးအောင်သောင်းဟာ သာပေါင်း ပျော့ဖတ်စက်ရုံတည်တဲ့အချိန်မှာ တရုတ်ကုမ္ပဏီထံက လာဘ်လာဘ အများဆုံး တောင်းခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် ရဟတ်ယာဉ်တစင်း၊ ဝန်ကြီး ဥင်္ီးအောင်သောင်းအတွက် ရဟတ်ယာဉ်တစင်းပါ တောင်းခဲ့တယ်လို့ ဗိုလ်ထက်မင်းက ဖော်ထုတ် ခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ ဝန်ကြီးဦးအောင်သောင်းနဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရ ပေးထားတဲ့ ဝန်ကြီးလစာငွေနဲ့ မကာမိအောင် အဆမတန် များပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ မသိရသေးတဲ့ ပိုင်ဆိုင်မှုတွေလည်း အများအပြား ရှိနိုင်ပါတယ်။ အနောက်နိုင်ငံက နိုင်ငံခြားသားတချို့က ဆိုရင် ဝန်ကြီးဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် ဦးတေဇရဲ့ ပိုင်ဆိုင်မှုထက်တောင် များနိုင်တယ်လို့ သုံးသပ်လာတာ ရှိပါတယ်။

အဂတိလိုက်စားမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဝန်ကြီးဦးအောင်သောင်းဟာ အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူလည်း ဖြစ်ပါတယ်။ တချိန်က ပုဂံလူထု ချီတက်ပွဲကြီးတွေ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရှုတ်ချပွဲပုံစံ ဖန်တီးဖို့ မန္တလေး နန်းတွင်းရတနာပုံ ဧည့်ဆောင်ကနေ ကြိုးကိုင်ခဲ့တာလည်း ဦးအောင်သောင်းပဲဖြစ်ပါတယ်။

(တတိယပိုင်းမှာ ဆက်လက်ရှုစားပါခင်ဗျာ)
မောင်ဆောက် ( ကျောက်ကာ )