Tag Archives: မြန်မာ့ဆက်သွယ်ရေးဝန်ကြီးအမှု

ဆက်သွယ်ရေး ဘာကြောင့်အမှုကြီး

သမ္မတအနေနဲ့ ဝန်ကြီးတစ်ဦးဦးကို ပြစ်မှုထင်ရှားလို့ တာဝန်မှ အနားပေးချင်ရင် အလွယ်တကူ ပေးလိုက်လို့ရပါတယ်။ ပေးခဲ့ဖူးတာတွေလည်း ရှိပါတယ်။ ဥပမာ – လျှပ်စစ်ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး စသဖြင့်။

အခု ဆက်သွယ်ရေးဝန်ကြီးကို အနားပေးရာမှာ ဝန်ကြီးကို အနားပေးသလို အကြီးတန်းအရာရှိတွေကိုပါ စစ်ဆေး အရေးယူတယ်ဆိုတာ ပုံမှန် လုပ်ရိုးလုပ်စဉ် မဟုတ်ပါဘူး။ ထူးခြားပါတယ်။ တကယ်က ဘယ်ဝန်ကြီးဌာနမှ လာဘ်ပေးလာဘ်ယူ မကင်းပါဘူး။ အရေးယူမှုတွေ လုပ်တိုင်း ဝန်ကြီးအဆင့်တွေကိုသာ အနားပေးခဲ့ပြီး အောက်ခြေဝန်ထမ်းအားလုံး မြေလှန်ခြင်းကို လုပ်ခဲပါတယ်။ နောက်ရောက်လာတဲ့ ဝန်ကြီးက ပညာပေး မြေလှန်တာကတော့ တစ်ပိုင်းပေါ့လေ။ အခုကိစ္စမှာ အောက်ခြေတွေကိုပါ တစ်ပြိုင်တည်း အရေးယူတာဟာ ဖြစ်နိုင်ခြေ သုံးမျိုးရှိကြောင်း အရာရာသိနေသော ဟန်ဖြင့် ဆက်ရှင်းပြမိပါတယ်။

၁။ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပတ်သက်ပြီး သတင်းတစ်ခု ထွက်ခဲ့ဖူးသည်မှာ လွှတ်တော်ဥက္ကဋ္ဌကြီး၏ တပ်တွင်းမှ တပည့်ရင်းကြီးတစ်ဦးသည် ဆက်သွယ်ရေးတွင် အကောင်တစ်ခု ဖြစ်နေပြီး အစိုးရပိုင်းမှ သမ္မတအပါ အရာရှိတချို့၏ ဖုန်းများကို ကြားဖြတ်နားထောင်ခဲ့ခြင်းသည်လည်း တစ်ကြောင်း

၂။ ကြံ့ခိုင်ရေးပါတီ၏ ပါတီရံပုံငွေ စီးဝင်ရာလမ်းကြောင်းများသည် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆက်နေပြီး ပါတီတွင်းရှိ ၄င်းငွေများကို ကိုင်တွယ်လျက် အာဏာပါဝါတက်နေသော ဂိုဏ်းမှတဆင့် ပါတီဒုတိယဥက္ကဋ္ဌများကို မသိမသာဖိအားပေးလိုခြင်းကလည်း တစ်ကြောင်း

၃။ ဆက်သွယ်ရေးဝန်ကြီးနှင့်ပတ်သက်ပြီး အရေးယူပေးရန် အောက်ခြေမှ စုပေါင်းတိုင်ကြားမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းသို့ တိုင်ကြားမှုမျိုး နောင်အစဉ်အလာမဖြစ်စေရန်အတွက် ခေါင်ကို ထိခိုက်အောင်လုပ်လျှင် အားလုံးပျက်စီးရသည်။ ခေါင်မြင့်မှ တင့်တယ်မည်ဟု ဌာနဆိုင်ရာဝန်ထမ်းအားလုံးကို အသိပညာပေးလိုခြင်းကလည်း တစ်ကြောင်းစတဲ့ အကြောင်း သုံးပါး ဖြစ်နိုင်ခြေရှိပါတယ်။